ရေကူးအားကစားသမားတွေအပေါ် ကျေနပ်အားရမှုရှိကြောင်း နည်းပြချုပ်ပြော

နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းထဲက ရေကူးကန်မှာ မြန်မာကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး (၉) ဦးကို စခန်းသွင်း လေ့ကျင့်နေပါတယ်။ [caption id="attachment_46990" align="alignright" width="300"]swinning မြန်မာရေကူးအားကစားသမားများ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း ရေကူးကန်မှာ လေ့ကျင့်နေစဉ်[/caption] သူတို့တတွေကို သင်တန်းနည်းပြတာဝန်ယူ သင်ကြားပေးသူလည်းဖြစ်ပြီး မြန်မာ နိုင်ငံရေကူးအဖွဲ့ချုပ်ရဲ့ နည်းပြချုပ်လည်းဖြစ်တဲ့ ကိုကာဇူရှိနာ ကာရာမ က မြန်မာနိုင်ငံ မျိုးဆက်သစ်လူငယ် ရေကူးအားကစားသမားတွေရဲ့ အဆင့်အပေါ် ကျေနပ်အားရမှုရှိတယ်လို့ ပြောပါတယ်။ “ကျနော့်အနေနဲ့ မြန်မာ့ရေကူး အဆင့်အတန်းက တော်တော်မြင့်တက်လာတယ်။ ဒါပေမယ့် အရမ်းအလှမ်းကွာနေတဲ့ဟာက နည်းနည်းလေး ချုံ့သွားသလောက်ပဲဖြစ်သွားတယ်။ ကျနော်အခုအားရတဲ့ဟာက မျိုးဆက်သစ်တွေကို အားရတယ်။ ၁၀ နှစ်ကလေးတွေကို ကျနော်လေ့ကျင့်ပေးခဲ့တယ်ဆိုတော့၊ ပြီးခဲ့တဲ့ ၃ လပိုင်း ၄ လပိုင်းတုန်းကလည်း ထိုင်းနဲ့ စင်ကာပူကို ခေါ်သွားတယ်။ အခု ၁၀ နှစ်ကလေးတွေရဲ့ အဆင့်အတန်းက အရှေ့တောင် အာရှမှာ ပထမအဆင့်ဖြစ်နေတယ်။ ဒီကလေးတွေ နောက် ၄၊ ၅၊ ၆ နှစ်ဆိုရင် ထိပ်ဆုံးအဆင့် ရောက်လာလိမ့်မယ်လို့ ထင်တယ်။ ” မြန်မာ့ရေကူးက အရင်တုန်းက တိုင်းပြည်ဂုဏ်ဆောင်နိုင်တဲ့ ဆုတံဆိပ်တွေနဲ့ တင့်တယ်ခဲ့ပြီး နှောင်းပိုင်းကာလမှာ နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ရေကူးအားကစားနည်း မှေးမှိန်ခဲ့ပုံတွေကို သူက ရှင်းပြပါတယ်။ အရှေ့တီမော အပါအ၀င် ၁၁ နိုင်ငံအနက် ရေကူးပြိုင်မှာ ၉ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံတွေထဲမှာ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား စတဲ့ နိုင်ငံတွေဟာ အဆင့်တူ နိုင်ငံတွေဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တန်းမှာ ရှိနေတာက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူးနိုင်းတို့ ပါတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် ကြီးကြပ်သင်ကြားပေးနေတဲ့ မြန်မာအားကစားသမားတွေရဲ့ တိုးတက်မှုတွေကို ကျေနပ်ပေမယ့် ဒီတကြိမ်ဆီးဂိမ်းမှ ကြေးဆုတံဆိပ်ကိုသာ မျှော်မှန်းတယ်လို့ သူက ရှင်းပြပြီး အနာဂတ်အတွက် ပြင်ဆင်နေတာကို ပြောပါတယ်။ အမျိုးသမီး အားကစားသမား မအိအိသက် က ထိုင်းနဲ့ စင်ကာပူကို အဓိက ပြိုင်ဆိုင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ “အဓိက ပြိုင်ရမယ့် နိုင်ငံတွေက စင်ကာပူရယ် ထိုင်းရယ်ပေါ့။ သူတို့ကျတော့ နည်းစနစ်တွေ အရမ်းကွာနေတယ်ရှင့်။ နည်းစနစ်တွေ လိုပါတယ်ရှင့်။” အသက် ၁၃ နှစ်သားအရွယ်မှာ ရေကူးလက်ရွေးစင်ဖြစ်လာတဲ့ အမျိုးသား ရေကူး အားကစားသမား ကိုသီဟအောင် က အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။ “ကျနော့်တို့ ယှဉ်ပြိုင်ရမယ့် နိုင်ငံတွေက ၁၁ နိုင်ငံလုံးပါပဲ။ ကျနော်တို့ထက် တော်တဲ့ နိုင်ငံတွေက အရမ်းများနေပါတယ်။ အဲဒါကြောင့် ကျနော်တို့လည်း အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။” ၁၉၆၁ ခုနှစ်မှာ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က မြန်မာနိုင်ငံဟာ ရွှေ ၃၅ ဆု၊ ငွေ ၂၆ ဆုနဲ့ ကြေး ၄၃ ခု ရရှိခဲ့ရာမှာ ရေကူးချန်ပီယံ တင်မောင်နီက ရွှေတံဆိပ်ငါးခု ရယူပေးနိုင်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ တင်မောင်နီကပဲ ရွှေတံဆိပ်တခု ရယူခဲ့ပြီးတဲ့နောက် မြန်မာရေကူးလောက ဆုရရှိမှု မှေးမှိန်ခဲ့ပါတယ်။

More News
Up