စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ၊ ဆပ်ပြာကျင်းရွာနဲ့ ဘုတ်ရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (D-PDF) တို့ ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီလောက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ကျည် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
နဂါးဗိုလ်-အင်ပင်-ကိုင်းကန် ကျေးရွာအနီးမှာလည်း နေ့လယ် ၂ နာရီခွဲလောက်မှာ ထပ်မံတိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်တပ်ဘက်က ၂ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရသွားတယ်လို့ D-PDF ပြန်ကြားရေးထံက သိရပါတယ်။
ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပြန်ဆုတ်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ် ၃ စီးကို စစ်တပ်က ယူသွားတယ်လို့သိရပါတယ်။
ဒီပဲယင်းမြို့နယ် အင်ပင်(ယဒင်)ကျေးရွာတွေကိုလည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
“အခုနေ့လယ် ၂ နာရီလောက် ရွာထဲရောက်လာတယ်၊ မနေ့က အင်ပင်အုပ်ချုပ်ရေးမှူးရဲ့ အစ်ကို အသတ်ခံရတယ်။ အခုနေ့လယ်မှာ ရောက်လာပြီး ရွာထဲမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်တာတွေ လုပ်နေတယ်”။
ပစ်ခတ်မှုတွေကြောင့် ဒေသခံ ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖမ်းဆီးတာ ရှိ၊ မရှိ မသိသေးပါဘူး။
Photo - D PDF