ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်လူ ကန်တေ ရရှိဖို့ မျှော်လင့်ကြောင်း ပြင်သစ်သမ္မတ အီမန်နူရယ်မက်ကရွန်းက ပြောပါတယ်။
ပြင်သစ်သမ္မတက မနေ့က ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းနဲ့ တွေ့ဆုံကာ အားပေးစကားပြောခဲ့ပြီး ကန်တေရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ချီးကျူးခဲ့တာပါ။
ကန်တေဟာ တိုက်စစ်မှူး အမ်ဘာပေလိုပဲ ထူးချွန်တဲ့ ကစားသမားဖြစ်ကြောင်း၊ ပြင်သစ် လူငယ်တွေအတွက် အတုယူရမယ့် စံပြကစားသမားဖြစ်ကြောင်း ပြင်သစ်သမ္မတက ချီးကျူးပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ်ဆုဖလား ရရှိအောင် စွမ်းဆောင်ခဲ့တဲ့ ကန်တေအနေနဲ့ ယူရိုပြိုင်ပွဲမှာလည်း အောင်မြင်မှုရပြီး ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရဖို့ မျှော်လင့်ကြောင်း ပြင်သစ်သမ္မတ မက်ရွန်က ပြောပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ တုန်းက ဗိုလ်လုပွဲမှာ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တာပါ။
ဒီနှစ်ပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။