လူသတ်အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ ပြောင်ပြောင်တင်းတင်း ပါဝင်နေကြတဲ့အတွက် ကြံ့ခိုင်ရေးပါတီကို အကြမ်းဖက်အုပ်စုဝင်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၂ရက်မှာ ကြေညာပါတယ်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသ ယင်းမာ၊ တောင်စာရေး၊ ကြာပင်၊ ပိက္ခရား၊ မြေနီရွာတွေရှိ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အားပေးထောက်ခံသူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်ဆီးရာမှာ ကြံ့ခိုင်ရေးပါတီဝင်တွေကလည်း တိုက်ပွဲဝင် စစ်ဝတ်စုံတွေ ဝတ်ဆင်ပါဝင်နေတယ်လို့ ဆိုပါတယ်။
လူသတ်အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ ကြံ့ခိုင်ရေးပါတီဝင်တွေကလည်း တိုက်ပွဲဝင်စစ်ဝတ်စုံတွေနဲ့ ပြောင်ကျကျပေါ်ပေါ်ထင်ထင်ပါဝင်လာပြီဖြစ်လို့ နိုင်ငံတကာစံသတ်မှတ်ချက်တွေအရ ကြံ့ခိုင်ရေးပါတီအား အကြမ်းဖက်အုပ်စုဝင်အဖြစ် မင်းကင်း ပြည်သူ့ကာကွယ်တပ်ဖွဲ့က သက်မှတ်လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မင်းကင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့ လူသတ်အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်တွေအပြင် မင်းကင်းမြို့နယ်အတွင်း အမာခံကြံ့ခိုင်ရေးပါတီဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက် သွားမှာဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီဝင်တွေရဲ့ အသက်အန္တရာယ်ကိုလည်း အာမမခံနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးမူဝါဒအတိုင်း အပြစ်မဲ့ ပြည်သူတွေကိုတော့ ပစ်မှတ်ထားတိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဇွန်လ ၁၂ရက်က အသိပေး ကြေညာလိုက်ပါတယ်။