မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ပညာရေးဝန်ထမ်း အယောက် ၃၉၀ ကို အကြမ်းဖက်စစ်ကောင်စီက ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။
တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းတွေက သင်ကြား၊ စီမံဝန်ထမ်း အယောက် ၃၉၀ ကို နိုင်ငံဝန်ထမ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို ချိုးဖောက်လို့ ရာထူးကနေ ထုတ်ပယ် လိုက်တာလို့ တိုင်းပညာရေးမှူးရုံးရဲ့ ဇွန် ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရုံးအမိန့်စာမှာဖော်ပြပါတယ်။
ရာထူးထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ ကျေနပ်မှုမရှိပါက အမိန့်ကြော်ငြာ စာလက်ခံရရှိတဲ့နေ့ကစပြီး ၆ လအတွင်း နိုင်ငံဝန်ထမ်းဥပဒေတွေနဲ့ အညီ အယူခံတင်သွင်းနိုင် တယ်လို့လည်း ရေးသားထားပါတယ်။
အာဏာဖီဆန် (CDM) လှုပ်ရှားမှုမှာပါဝင်လို့ ရာထူးမှ ထုတ်ပယ်ခံရတဲ့ ကျောင်းဆရာတစ်ဦးက “ကလေးတွေကို စာတတ်စေ့ချင်တာပေါ့။ ပြောရရင်ဗျာ ကျနော်တို့ထက် ပိုတတ်စေချင်တယ်။ ပိုတော်စေချင်တယ်။ ဒါပေမဲ့ ကျနော်တို့က စစ်အာဏာရှင်ရဲ့လက်အောက်မှာ စစ်အာဏာရှင်ကိုကျွန်ခံပြီး အလုပ်မလုပ်နိုင်ဘူး။ ကျနော်တို့တုန်းကလည်း စစ်အာဏာရှင်ရဲ့ ပညာရေးစနစ်ဆိုးကြီးအောက်မှာကြီးပြင်းလာရတော့ အခု ကလေးတွေကို ကျနော်တို့တုန်းကလို မဖြစ်စေချင်တော့ဘူး။ အမေစုအစိုးရပြန်တက်တဲ့နေ့ဟာ ကျနော်တို့ အလုပ်ပြန်ဝင်တဲ့နေ့ပဲပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ ပညာရေးဝန်ထမ်း ၄၀၀၀ ဝန်းကျင် ရှိပြီး အကြမ်းဖက်စစ်ကောင်စီ ကြောင့် ရာထူးမှထုတ်ပယ်ခြင်းခံရသူပေါင်း ၃၉၅ ယောက်ရှိပြီဖြစ်ကြောင်း သိရပါတယ်။