Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် အဂတိမှုစွပ်စွဲချက် ခိုင်လုံမှုမရှိဟု ရှေ့နေပြော
DVB
·
June 11, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  အကြမ်းဖက်စစ်အုပ်စုက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံတရားစွဲတာဟာ ခိုင်လုံမှုမရှိသလို အကျိုးအကြောင်း ဆီလျှော်မှုလည်းမရှိဘူးလို့ သူ့ရဲ့ ရှေ့နေကပြောပါတယ်။  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ ဇွန်လ ၉ ရက်နေ့မှာ ထပ်မံတရားစွဲဆိုခဲ့တာပါ။ စစ်ကောင်စီရဲ့ အရင်စွဲချက်တွေဟာ ခိုင်လုံမှုမရှိခဲ့သလို အခုထပ်မံစွဲဆိုတဲ့ အဂတိပုဒ်မစွဲ ချက်ဟာလည်း ခိုင်လုံမှုမရှိ၊ အကျိုးအကြောင်း ဆီလျှော်မှုမရှိဘူးလို့ အတိုင်ပင်ခံရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ 

“စွပ်စွဲချက်တွေဟာ မခိုင်လုံဘူး။ အကျိုးအကြောင်း ဆီလျှော်မှုမရှိဘူးပေါ့ဗျာ။ ဖရိုဖရဲဖြစ်နေတယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တခြားစွပ်စွဲချက်တွေ ဘယ်လိုပဲစွပ်စွဲ စွပ်စွဲ အကျင့်စာရိတ္တနဲ့ပတ်သက်လို့၊ လာဘ်ပေးလာဘ်ယူ ငွေကြေး၊ ပုဂ္ဂိုလ်ရေးလောဘတွေနဲ့ စွပ်စွဲတာဆိုရင်တော့ ဒါဟာ မိုးပေါ်မော့ပြီး တံထွေး ထွေးတာပဲ ဖြစ်လိမ့်မယ်ဗျ။ ကျနော်ကိုယ်တိုင်နိုင်ငံရေးတက်ကြွသူအဖြစ် အချိန်တော်တော်ကြာကြာ လုပ်ခဲ့တော့ နှစ်ပေါင်း ၅၀ လောက်အတွင်း မြန်မာပြည်နိုင်ငံရေး ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂိုလ်ရေးအကျင့်စာရိတ္တ လောဘနဲ့ပတ်သက်လို့ သန့်စင်မှုအရှိဆုံး ခေါင်းဆောင်တွေထဲမှာပါတယ်လို့ အစောကတည်းက ကျနော် ကောက်ချက်ချထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ တခြားချို့ယွင်းချက်တွေရှိကောင်းရှိနိုင်ပေမယ့် လာဘ်ပေးလာဘ်ယူတို့ ပုဂ္ဂိုလ်ရေးလောဘတို့ အကျင့်စာရိတ္တပျက်တယ်ဆိုတဲ့ကိစ္စတွေကတော့ သူ့ရဲ့သဘာဝအရကို မဖြစ်နိုင်ဘူးလို့ ကျနော် ကောက်ချက်ချပါတယ်။”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံစွဲဆိုထားတဲ့အဂတိအမှုနဲ့ပတ်သက်ပြီး ဇွန်လ ၁၄ရက်နေ့ ရုံးချိန်းမတိုင်ခင် အတိုင်ပင်ခံနဲ့လူချင်းတွေ့ခွင့်ရရင် ခုခံချေပဖို့ ဆွေးနွေးတိုင်ပင်မယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုအများအပြားနဲ့ တရားစွဲဆိုတာကတော့ နိုင်ငံရေးနောက်ခံအကြောင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“တရားစွဲခွင့်ရှိတဲ့ဘက်က အမျိုးမျိုး လုပ်ချင်လည်းလုပ်မှာပေါ့။ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအရအပြောင်းအလဲနဲ့ နိုင်ငံရေးအရ အပြန်အလှန်တိုက်ခိုက်မှုတွေရှိနေတဲ့အခါမှာ နိုင်ငံရေးနောက်ခံအကြောင်းတွေပါမှာပေါ့ဗျာ။” လို့ ရှေ့နေ ဦးခင်မောင်ဇော် ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ပုဒ်မထပ်တိုးတရားစွဲသလို နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင် ကော်မတီဝင် ဦးမင်းသူတို့ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက နေပြည်တော်မှာ စွဲဆိုထားတဲ့ အမှု၅ မှု၊ ရန်ကုန်မှာစွဲဆိုထားတဲ့အမှုတစ်မှု စုစုပေါင်း အမှုခြောက်မှုကိုရင်ဆိုင်ခဲ့ရပြီး ဇွန်လ ၉ ရက်နေ့မှာ အဂတိပုဒ်မတစ်ခုထပ်တိုးလာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှု စုစုပေါင်း ၇ မှုအထိ ရှိလာပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024