Home
မြန်မာသတင်း
အကျဉ်းထောင်နဲ့ စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးရန် စီစဉ်
DVB
·
November 24, 2013
၁၉၈၈ ခုနှစ်ကနေ ယနေ့အချိန်အထိ အကျဉ်းထောင်အတွင်းနဲ့ စစ်ကြောရေးတွေမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ ကျန်ရစ်သူမိသားစုဝင်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ထောက်ပံ့ကြေးငွေ ၁၀ သိန်းကို ပထမအကြိမ်အဖြစ် အယောက် ၅၀ ကိုထောက်ပံ့သွားမယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေး အသင်း တို့က နိုဝင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ် ၁၅၄ လမ်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောဆိုခဲ့ပါတယ်။ AAPP&FPPsပထမ အသုတ်အနေနဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ပေးအပ်မှာဖြစ်ပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ အဖမ်းခံရပြီး အကျဉ်းထောင်တွေ စစ်ကြောရေးတွေထဲမှာ လူမသိ သူမသိ ကျဆုံးခဲ့ရမှုအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ပြုလုပ်တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က  အခုလိုပြောပါတယ်။ “ကျနော်တို့ လူ ၅၀ ကို ပထမအသုတ်အဖြစ်နဲ့ ပေးမယ်လို့ ယာထားပါတယ်။ ဆက်ခံခွင့်ရှိမယ့် မိသားစု ပေါ့နော်၊ အဲဒီမိသားစုတွေကို ကျနော်တို့ ဆက်သွယ်နေတယ်။ ဆက်သွယ်နေတဲ့အခါမှာ အခုမိသားစု အစု ၄၀ လောက်ကို ကျနော်တို့ ဆက်သွယ်လို့ ရနေပါပြီ။ သူတို့ အသိအမှတ်ပြုတာ သူတို့က ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေနဲ့ အဖမ်းခံရတယ်။ အကျဉ်းထောင်ထဲမှာ စစ်ကြောရေးစခန်းတွေထဲမှာ သေဆုံးသွားတယ်။ အဲဒီလို သေဆုံးသွားတဲ့အခါမှာ လူမသိ သူမသိနဲ့ သေဆုံးသွားတဲ့ ဟာမျိုးတွေရှိတယ်။ သူတို့ကို အသိအမှတ်ပြုတဲ့သဘော။ နောက်တခုက သူတို့ မိသားစုတွေကလည်း လူ့အဖွဲ့အစည်းထဲမှာ နေတဲ့အခါမှာ သူတို့ရဲ့ သားသမီးတွေ ဒါမှမဟုတ်ရင် သူတို့ရဲ့ အမျိုးသားတွေ ဇနီးတွေပေါ့နော် ထောင်ထဲမှာ သေဆုံးသွားတဲ့အခါမှာ ပတ်ဝန်းကျင်မှာ သိမ်ငယ်မှုတွေကို ခံစားရတာမျိုးတွေ ရှိတယ်။  အဲဒီအတွက် မိသားစုတွေကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးတဲ့အနေနဲ့ ဒီပွဲလေးကို လုပ်ဖို့ စီစဉ်ရတာပါ။” အကျဉ်းထောင်တွေ အတွင်းမှာ ကျဆုံးသွားတဲ့ အနိုင်ငံရေးအကျဉ်းသားစာရင်းကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ထံ စာရင်းလာရောက် ပေးသွင်းနိုင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့က ဦးသက်ဦးက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့က ဦးသက်ဦးက “အဓိကကတော့ ထောင်တွင်းနဲ့ စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ မိသားစုတွေပေါ့၊ ဒါတွေကို ဂုဏ်ပြုထောက်ပံ့မှုတွေ ပေးချင်တာ။ ပေးချင်တော့ တချို့မသိနိုင်သေးတဲ့သူတွေလည်း ရှိတယ်။ အဲဒါကို သိနိုင်ဖို့အတွက်ကို မီဒီယာကနေ ကျယ်ကျယ်ပြန့်ပြန့် အချက်အလက် ပေးတာပေါ့။ မီဒီယာကနေ သတင်းစာတွေ ဂျာနယ်တွေက ထည့်ရင်။ ဒါကို သိပြီးတော့ မသိသေးတဲ့သူတွေ ဆက်သွယ်လာနိုင်အောင်လို့ ရည်ရွယ်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တာ။”လို့ ပြောပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်တွင်း နိုင်ငံရေးမှုကြောင့် အကျဉ်းကျခံနေရစဉ်နဲ့ အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ရက်ပိုင်းအတွင်း သေဆုံးခဲ့သူ ၁၆၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ထုတ်ပြန် ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024