စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာ့နွေဦးလူထုအရေးတော်ပုံကြီးမှာ သက်စွန့်ဆံဖျားပါဝင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒေါက်တာ တေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံက ဇွန်အရေးခင်း ဂုဏ်ထူးဆောင်ဆု ပေးအပ် ချီးမြှင့်လိုက်ပါတယ်။
၁၉၈၇ ခု ဇွန်လ ကိုရီးယား ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်မြောက် ဇွန်အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ ဇွန် ၁၀ ရက် မနက် ၁၁ နာရီက တောင်ကိုရီးယားနိုင်ငံ ဂျောလာပြည်နယ်၊ မုတ်ဖိုမြို့ရှိ ပြည်နယ်ဝန်ကြီးချုပ်ရုံးအရှေ့ မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။
ဇွန်အရေးခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြည်နယ် ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ ပြည်နယ် ပညာရေးမှူး၊ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက ဂုဏ်သရေရှိ လူကြီးတွေ တက်ရောက်ကြပါတယ်။
ဇွန်အရေးခင်း ဂုဏ်ထူးဆောင်ဆုကို ဒေါက်တာတေဇာဆန်း ကိုယ်စား ကိုရီးယား-မြန်မာ ပူးတွဲ လုပ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဇော်မိုးအောင်က လက်ခံရယူပြီး မြန်မာပြည်တွင်းက ပို့ပေးလာတဲ့ ဒေါက်တာတေဇာဆန်းရဲ့ ကျေးဇူးတင်စကားကို ဖတ်ကြားခဲ့ပါတယ်။
ဒေါက်တာတေဇာဆန်းဟာ မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေသူဖြစ်ပြီး သူ့ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။