ယူရို ၂၀၂၀ ပြိုင်ပွဲနှင့် စိတ်ဝင်စားစရာကိန်းဂဏန်းများ

ဥရောပတိုက်ရဲ့ အဆင့်အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ ၁၂ ရက်၊ တနင်္ဂနွေနေ့မှာ စတင်ယှဉ်ပြိုင်ကစားကြတော့မှာပါ။
ယူရို ၂၀၂၀ ဆိုတဲ့အမည်နဲ့အညီ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် တစ်နှစ်နောက်ဆုတ်ပြီး ကျင်းပဖို့ဖြစ်လာခဲ့တာပါ။ ဥရောပနိုင်ငံတွေရဲ့ တန်ဖိုးအရှိဆုံး နိုင်ငံတကာပွဲစဉ်တွေဖြစ်တာမို့ ကမ္ဘာတဝန်းက ပရိသတ်တွေရဲ့စိ တ်ဝင်စားမှုလည်းရှိနေပါတယ် ယူရိုပြိုင်ပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကိန်း ဂဏန်း အချက်အလက်တချို့ကို ပြန်လှန်ကြည့်လိုက်မယ်ဆိုရင်တော့
၁၆
အခုနှစ်ပြိုင်ပွဲက ၁၆ ကြိမ်မြောက် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ်နိုင်ငံက ပထမဆုံးအကြိမ်စတင်ကျင်းပခဲ့ပြီး နောက်ဆုံးကျင်းပခဲ့တဲ့နိုင်ငံကလည်း ပြင်သစ်နိုင်ငံပါပဲ။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကို ပြင်သစ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဗိုလ်လုပွဲမှာ ပေါ်တူဂီကို တိုက်စစ်မှူး အီဒါရဲ့ အချိန်ပို ဂိုးနဲ့ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
၃
အောင်မြင်မှုအရှိဆုံးဆိုတဲ့ နိုင်ငံအသင်းတွေ ချန်ပီယံဖြစ်ခဲ့တဲ့ အကြိမ်အရေအတွက်ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင် ဂျာမနီက အနောက်ဂျာမနီအနေနဲ့ ၁၉၇၂၊ ၁၉၈၀ တွေမှာ ချန်ပီယံ ၂ ကြိမ်၊ ၁၉၉၆ ခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံတစ်ကြိမ်နဲ့ စုစုပေါင်း ၃ ကြိမ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ အလားတူ စပိန်အသင်းကလည်း ၁၉၆၄၊ ၂၀၀၈ နဲ့ ၂၀၁၂ ပြိုင်ပွဲတွေမှာ ချန်ပီယံ ၃ကြိမ်ဖြစ်ခဲ့ပြီး ဂျာမနီနဲ့အတူ ဥရောပဆုဖလားအများဆုံးဆွတ်ခူးနိုင်တဲ့ အသင်းတွေအဖြစ်ပူးတွဲရပ်တည်နေပါတယ်။ အအောင်မြင်ဆုံးအသင်းလို့ ပြောရရင်တော့ ဂျာမနီလို့ သတ်မှတ်နိုင်ပြီး ဗိုလ်လုပွဲကို ၆ ကြိမ်တက်ရောက်ခဲ့ကာ ၃ ကြိမ် ဗိုလ်စွဲခဲ့ပါတယ်။ စပိန်ကတော့ ၄ ကြိမ် ဗိုလ်လုပွဲ တက်ခဲ့ဖူးပါတယ်။
၂၄
နောက်ဆုံးအဆင့်ပြိုင်ပွဲကစားကြမယ့် အသင်းအရေအတွက်ဖြစ်ပါတယ်။ ၂၄ သင်း စနစ်က ပြီးခဲ့တဲ့ ၂၀၁၆ ယူရိုမှာစတင်ခဲ့ပြီး ဒီနှစ်က ဒုတိယအကြိမ်မြောက် ၂၄ သင်းနဲ့ ကျင်းပတာပါ။ ၁၉၆၀ မှာ ၄ သင်းနဲ့ စတင်ခဲ့တဲ့ ယူရိုပြိုင်ပွဲဟာ ၁၉၈၀ မှာ ၈ သင်း၊ အင်္ဂလန်မှာကျင်းပတဲ့ ၁၉၉၆ ပြိုင်ပွဲမှာ ၁၆ သင်းအထိ တိုး မြှင့်ကျင်းပခဲ့ပါတယ်။ တချို့ကတော့ ၂၄ သင်းနဲ့ ကျင်းပတာက ပြိုင်ပွဲအပေါ် စိတ်လူပ်ရှားမှု နည်းစေပြီး ၁၆ သင်းနဲ့ကျင်းပတာကပဲ ပိုပြီး စိတ်လူပ်ရှားစရာကောင်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေ ဘက်ကတော့ ပြိုင်ပွဲဝင်အသင်းငယ်လေးတွေအတွက်ပါ အခွင့်အရေးပေးတဲ့ အနေနဲ့ ၂၄ သင်းအထိ တိုးမြှင့်ကျင်းပစေခဲ့တာဖြစ်ပါတယ်။
၁၂
အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်နိုင်ငံအရေအတွက်နဲ့ ကွင်းအရေအတွက်ပဲဖြစ်ပါတယ်။ ၂၀၂၀ ယူရိုက ပထမဆုံးအကြိမ် အနေနဲ့ ဥရော နိုင်ငံ ၁၂ နိုင်ငံ၊ မြို့ကြီး ၁၂ မြို့ရဲ့ ကွင်း ၁၂ ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ အနောက်ဘက် အကျဆုံးကွင်းက အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်က Aviva ကွင်းဖြစ်ပြီး အရှေ့ဘက်အကျဆုံးကွင်းက အဇာဘိုင်ဂျန်နိုင်ငံ ဘာကူကွင်းဖြစ်ပါတယ်။ တောင်ဘက် အကျဆုံးကွင်းကအီတလီနိုင်ငံက ရောမမြို့က Stadio Olimpico ကွင်းဖြစ်ပြီး မြောက်ဘက်အကျဆုံးက ရုရှားနိုင်ငံ စိန့်စပီတာဘက်ချ်မြို့က Krestovsky ကွင်းဖြစ်ပါတယ်။ အလားတူ စကော့တလန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ ဒိန်းမတ်၊ စပိန် နဲ့ ဟော်လန် နိုင်ငံကတွေမှာလည်း လက်ခံကျင်းပ ကြမှာဖြစ်ပါတယ်။
၂၅%
ကွင်းထဲအထိ လာရောက်ပြီး ကြည့်ရူခွင်ပေးမယ့် ရာခိုင်နူန်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရော ဂါ အခြေအနေကြောင့် ပရိသတ်တွေ ကွင်းလုံးပြည့်ကြည့်ရူခွင့်ရမှာမဟုတ်ဘဲ ကွင်းတစ်ကွင်းရဲ့ ဝင်ဆံ့မှု ပမာဏရဲ့ ၂၅ ရာခိုင်နူန်းပဲ ဝင်ရောက်ကြည့်ရူခွင့်ရမှာဖြစ်ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံမှာတော့ ဝင်ဆံ့လူဦးရေရဲ့ ၅၀ ရာခိုင်နူန်းအထိ ကြည့်ရူခွင့်ပေးဖို့ရှိပြီး သူတို့နဲ့ ကစားရမယ့် ပြိုင်ဘက်ပရိသတ် ကလွဲပြီး တခြားနိုင်ငံကပရိသတ်တွေ ဝင်ရောက်ကြည့်ရူခွင့်ပေးမှာမဟုတ်ဘူးလို့သိရပါတယ်။
ဝ
အခုနှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းရဲ့ ယူရိုပြိုင်ပွဲ မှတ်တမ်းဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲ ကစားရမယ့် မြောက်မက်ဆိုဒိုးနီးယားအသင်ဟာ သူတို့ရဲ့ သမိုင်းဝင်ပွဲစဉ်အနေနဲ့ ဇွန်လ ၁၃ ရက်မှာ သြစတြီးယားအသင်းနဲ့ ဘူခါရတ်မြို့မှာ အဖွင့်ပွဲစဉ် အနေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ယူရို ၂၀၂၀ အုပ်စုခွဲဝေမှု
အုပ်စု A - အီတလီ၊ ဆွစ်ဇာလန်၊ တူရကီ၊ ဝေးလ်။
အုပ်စု B - ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ရုရှား။
အုပ်စု C - သြစတြီးယား၊ နယ်သာလန်၊ မြောက်မက်ဆီဒိုးနီးယား၊ ယူကရိန်း။
အုပ်စု D - ခရိုအေးရှား၊ ချက်၊ အင်္ဂလန်၊ စကော့တလန်။
အုပ်စု E - ပိုလန်၊ ဆလိုဗက်ကီးယား၊ စပိန်၊ ဆွီဒင်။
အုပ်စု F - ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ ပေါ်တူဂီ။