ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေကို စောင့်ရှောက်ထားတဲ့ အကြီးဆုံး စစ်ဘေးရှောင်စခန်း ၂ ခုကိုလည်း ဇွန်လ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ ထိုးစစ်ဆင်ခဲ့တာကြောင့် ပြည်သူ ၄၀၀၀ ကျော် ထပ်မံ ရွေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ယောက်က ပြောပါတယ်။
မင်းတပ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းကြောင်း ၂ ကြောင်းနဲ့ ချီတက် လာတာဖြစ်ပြီး ရှပ်ရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါးနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မင်းတပ်မြို့ထဲမှာရှိတဲ့ ၂၇၄ တပ်ရင်းကလည်း လက်နက်ကြီးပစ်ကူနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ယောက် ကျဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ မင်းတပ်PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဇွန်လ ၆ ရက်ကလည်း မင်းတပ်မြို့ရဲ့အရှေ့မြောက်ဘက် တောင်ကြားလမ်းက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကဆယ်ဂဏန်း သေဆုံးခဲ့ကာ မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဘက်ကလည်း ၃ ယောက်ကျဆုံးခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျောက်ထုနဲ့ မင်းတပ်မြို့ပေါ်ကနေလည်း လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့ပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီက နိုင်ငံတကာဥပဒေတွေကို ချိုးဖောက် ကျူးလွန်နေတဲ့ ပြစ်မှုတွေကို နိုင်ငံတကာစစ်ခုံရုံးမှာ တိုင်ကြားသွားမှာဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူညီတွေ ရရှိနိုင်ဖို့ ကူညီသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။