Home
ဆောင်းပါး
မြန်မာ့အရေးမှာ တရုတ်နဲ့ အာဆီယံ ဘာလုပ်သင့်သလဲ
DVB
·
June 10, 2021

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ လက်နက်ကိုင်အကြမ်းဖက် မြန်မာစစ်တပ်က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပြီးနောက် ထုထည်ကြီးမားတဲ့ လူထုဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်လာခဲ့တယ်။

အဲဒီလို အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သပိတ်မှောက်ပွဲတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်၊ ရိုက်နှက်ဖမ်းဆီး ဖြိုခွင်းမှုတွေ လုပ်ခဲ့တယ်။ စစ်ကောင်စီတပ်တွေက နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေကို ဗြောင်ကျကျ ချိုးဖေါက်ပြီး ပြင်းပြင်း ထန်ထန် ဖိနှိပ်တဲ့အတွက် ပြည်သူလူထုရဲ့ ရဲရဲရင့်ရင့် ခုခံဆန့်ကျင်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။ ဒီပြဿနာကို  ဖြေရှင်းနိုင် ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက လုံခြုံရေးကောင်စီ အစည်းအဝေး (Security Council) သုံးကြိမ် ခေါ်ယူခဲ့ရ တယ်။  အဖွဲ့ဝင်အားလုံးပါဝင်တဲ့ သဘောတူညီချက်တွေ ချမှတ်ခဲ့ပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာမှု မရှိရုံမက၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  Christine Schraner Burgener ကိုတောင် မြန်မာနိုင်ငံအတွင်း ဝင်ခွင့် မပေးခဲ့လို့၊ ကုလသမဂ္ဂရဲ့ ကြားဝင်ဖြေရှင်းရေးအစီအစဉ်ကို ရှေ့ဆက်မရအောင် ဟန့်တားသလို ဖြစ်နေတာ တွေ့ရတယ်။ 

လွန်ခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဘုရင်ရဲ့ ကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ နှစ်ဦး နေပြည်တော်ကို သွားခဲ့တယ်။  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုတယ်။ သူတို့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးပြဿနာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ခဲ့တဲ့ ဘုံသဘောတူညီချက်(၅) ချက်ကို အာဆီယံအဖွဲ့က စတင်အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်။ သံခင်းတမန်ခင်းအရ အာဆီယံရဲ့ ကြားဝင် ဖြေရှင်းပေးမှုကို အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ထောက်ခံပေးတာကြောင့် အဲဒီ ဝင်ရောက် ဖြေရှင်းပေးမှု ပေါ်ပေါက်လာတာဖြစ်တယ်။

တကယ်တော့ အာဆီယံနိုင်ငံတွေအကြား ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ သဘောတူ ဆုံးဖြတ်ချက်တွေထဲက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ အချက် မပါခဲ့လို့ ဝေဖန် ပြစ်တင်မှုတွေ ပြင်းထန်ခဲ့တယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်က (၁) မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ရေး (၂) ဘက်နှစ်ဖက် ငြိမ်းချမ်းစွာ အဖြေရှာ၊ တွေ့ဆုံဆွေးနွေးဖြေရှင်းမှု ပြုလုပ်ကြရေး (၃) တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ရေး (၄) အာဆီယံအဖွဲ့က တဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကို လက်ခံရေး (၅) အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ သွားတာကိုလက်ခံရေး စသဖြင့် ဖြစ်တယ်။ အရေးအကြီးဆုံးကိစ္စက အာဆီယံအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်မယ်ဆိုရင် အကြမ်းဖက်မှုတွေကို အရင်ဆုံး ရပ်စဲဖို့ လိုတယ်။ ပဋိပက္ခဖန်တီးပြီး စစ်အင်အားသုံး အာဏာရယူထားတဲ့ စစ်ကောင်စီ အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်စဲဖို့ သဘောတူလက်ခံဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ဧပြီလ ၂၄ ရက် ဂျာကာတာ အစည်းအဝေးပြီးတဲ့နောက် ဧပြီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ရာမှာ  မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်လာရင် အာဆီယံရဲ့ အကြံပြုချက် ၅-ချက်ကို “ အပြုသဘော စဉ်းစားပေးမယ်”  လို့ ဖော်ပြခဲ့တယ်။ ပေါင်းချုပ်ရရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံရဲ့ မြန်မာ့အရေး ကြားဝင် ဖြေရှင်းပေးမယ့် အစီအစဉ်ကို လက်ခံလိုပုံမရဘူးလို့ ဆိုနိုင်ပါတယ်။

ဘာကြောင့် လက်မခံချင်တာလဲဆိုရင် စစ်ကောင်စီဘက်က အာဆီယံနိုင်ငံတွေရဲ့ အစီအစဉ်ကို လက်ခံခဲ့ရင်ဦးစွာပထမ  အထူးကိုယ်စားလှယ် ခန့်အပ်တာကို သဘောတူရမှာ ဖြစ်တယ်။ အဲဒီ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေကို ခွင့်ပြုရမှာဖြစ်တယ်။ တဆက်ထဲမှာ ဖမ်းဆီးထားတဲ့ အင်န်အယ်လ်ဒီ အစိုးရခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ဆုံခွင့် ပေးရမှာဖြစ်တယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖြုတ်ချထိန်းသိမ်းခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကားပြောရမှာ ဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ အဲဒီလို တွေ့ဆုံဆွေးနွေးမှု လက်ခံလာအောင် အာဆီယံကိုယ်စားလှယ်ဘက်က စည်းရုံးသိမ်းသွင်းနိုင်ဖို့လည်း လိုပါတယ်။  ဒါပေမဲ့ လက်တွေ့မြေပြင်ပေါ်က နိုင်ငံရေး အခင်းအကျင်းကို ကြည့်ရင် ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ အာဆီယံနိုင်ငံ ခေါင်းဆောင်အများစုကိုယ်နှိုက်က အာဏာရှင်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေဖြစ်နေတာကြောင့်လည်း ဖြစ်တယ်။ 

အတိတ်သမိုင်းဖြစ်ရပ်တွေကို ပြန်ကြည့်ရင် အာဆီယံဟာ အစွမ်းအစမရှိတဲ့ အဖွဲ့ဖြစ်ပြီး အခြေခံ လူ့အခွင့်အရေးကိုတောင် အကာအကွယ် မပေးနိုင်တာ မြင်နိုင်တယ်။ ဒီလို အနေအထားကို သိနေတဲ့ တရုတ်က ASEAN ကို နယ်ရုပ် အဖြစ် အသုံးချနေတာ ဖြစ်တယ်။ စစ်ကောင်စီကလည်း သူ့အာဏာမြဲရေးအတွက် သူ့ရဲ့ခေါင်းကိုင်ဖခင် တရုတ်ကြီးရဲ့ အစီအမံအတိုင်း အချိန်ဆွဲ လှည့်စားနေတာဖြစ်တယ်။ တကယ်တော့ မြန်မာကိစ္စကို လုံခြုံရေးကောင်စီ အစည်းအဝေးက အရေးမယူဘဲ အာဆီယံအဖွဲ့အနေနဲ့ ပဏာမဖြေရှင်းပါစေ ဆိုတဲ့ အဆိုကို တရုတ်ကပဲ တင်ခဲ့တာပါ။ တနည်းအားဖြင့် တရုတ်က သူ့ရဲ့ ရုပ်သေးအစိုးရကို ကာကွယ်ဖို့အတွက် အချိန်ဆွဲပေးတဲ့ နည်းဗျူဟာလည်း ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာလည်း တရုတ်ရဲ့သြဇာမကင်းတာကြောင့် အလုပ်မဖြစ်နိုင်မှန်းသိပါလျှက်နဲ့ တွေ့ဆုံဆွေးနွေးရေးဆိုပြီး လမ်းခင်းနေတာ ဖြစ်တယ်။ အာဆီယံနိုင်ငံတွေရဲ့ ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးရေး အစီအစဉ်ဟာ ဘာမှ အကျိုးသက်ရောက်မှုမရှိဘဲ၊ မြန်မာအကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်ရေး အတွက် အချိန်ဆွဲပေးနေခြင်းသာ ဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးဆိုင်ရာ ဗျူဟာခင်းကျင်းပုံကို လေ့လာရင် ရုပ်သေးစစ်ကောင်စီ တရားဝင်ရေးအတွက် ASEAN ကို အသုံးချနေတာ ဖြစ်တယ်။ ဒါကြောင့်လည်း  မြန်မာ့ နွေဦးတော်လှန်ရေး ဘက်တော်သားတွေက တရုတ်ထုတ်ကုန်တွေ မသုံးစွဲကြဖို့ တရုတ်ရင်းနှီးမြှုပ်နှံမှုကို သပိတ်မှောက်ကြ ဖို့ စတင် ဆော်သြလာတာ တွေ့ရတယ်။  

အာဆီယံသဘောထားငါးချက်မှာ ပါဝင်တဲ့အချက်တွေဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ကင်းကွာနေရုံမက၊ စစ်ကောင်စီကို တရားဝင်သယောင် မသိမသာ မျက်နှာသာပေးဆက်ဆံရာ ရောက်နေတယ်။ အစည်းအဝေးတွေမှာ NUG အစိုးရနဲ့ ဆက်ဆံရေးလုပ်ဖို့ ပစ်ပယ်ထားပြီး၊ စစ်ကောင်စီနဲ့ပဲ ဆက်ဆံနေခြင်းဟာ တရုတ်နဲ့ အာဆီယံက စစ်ကောင်စီကို အသိအမှတ်ပြုဖို့ နှပ်ကြောင်းပေးတဲ့ သဘော သက်ရောက်နေတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ASEAN ကို အယုံအကြည်မရှိဘူးလို့ အတိအလင်းပြောထားတာ တွေ့ရတယ်။ ASEAN အနေနဲ့ ပဋိပက္ခမှာ ပါ၀င်တဲ့  နှစ်ဖက်စလုံးနဲ့ တွေ့ဆုံဖို့ ပျက်ကွက်ခဲ့တယ်။ NUG ဘက်က အမြင်ကို လျစ်လျူရှုထားပြီး စစ်ကောင်စီနဲ့ တဖက်သတ် ဆက်ဆံနေတဲ့အတွက် ASEAN ကို အယုံအကြည်မရှိကြောင်း NUG က ပြောတာတွေ့ရတယ်။ 

တရုတ်နိုင်ငံနဲ့ ASEAN အဖွဲ့တို့က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထိတွေ့ဆက်ဆံမှု မပြုတဲ့အတွက် စိုးရိမ်မိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံ ဇွန် ရ ရက်နေ့စွဲနဲ့ စာပေးပို့ ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းမှာ ဖေါ်ပြခဲ့တယ်။ တရုတ်နိုင်ငံ ချုံကင်းမြို့မှာ တရုတ်-အာဆီယံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲပြုလုပ်နေစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတဆင့် အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ခြင်း ဖြစ်တယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူများက စစ်ကောင်စီကို အသိအမှတ်မပြုတဲ့ အချက်ကို ဂရုပြု မှတ်သားသင့်ပြီး စစ်ကောင်စီကို တရားဝင်အစိုးရဖြစ်ရေး ပံ့ပိုးမှုတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတွေအကြား ဆက်ဆံရေး ပျက်ပြားစေနိုင်ကြောင်း ဒေါ်ဇင်မာအောင်က သတိပေးပြောဆိုထားတာ တွေ့ရတယ်။

ဒီအပြင် မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ ပူးတွဲပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) စီမံကိန်ကို ပူးတွဲ သဘာပတိ တာဝန် ယူရမှာဖြစ်လို့ တရုတ်နိုင်ငံဘက်က NUG နဲ့ မဆွေးနွေးဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အပေါ် အထူး စိုးရိမ်ကြောင်း၊ LMC ကိစ္စ မြန်မာနိုင်ငံရဲ့ ပါဝင်မှုကို ဆိုင်းငံ့ထားသင့်ပြီး ရွေးကောက်တင်မြှောက်ခံ အစိုးရ ပြန်လည်နေရာရရှိရေး ကိစ္စကို အလေးထား လုပ်ဆောင်သင့်ကြောင်းလည်း  ဒေါ်ဇင်မာအောင်က ထောက်ပြထားတာ တွေ့ရတယ်။ 

ဒေါ်ဇင်မာအောင်ရဲ့ ပေးစာမှာ တရုတ်နဲ့ အာဆီယံက မြန်မာ့အရေး ဆောင်ရွက်ရာမှာ လူထုထောက်ခံတဲ့ NUG အစိုးရကို ဘေးဖယ်ထားမှုအပေါ် မလိုလားကြောင်း ထောက်ပြထားတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ရာမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ခေါင်းဆောင်အဖြစ် ဖော်ပြထားတဲ့ အပေါ် အလေးအနက် ရှုတ်ချကြောင်းလည်း ပြောဆိုခဲ့တာ ဧရာဝတီသတင်းမှာ တွေ့ရတယ်။ 

ဇွန်လ ၈ ရက်နေ့က တရုတ်၊ အာဆီယံနဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တို့  တရုတ်နိုင်ငံမှာ  မဲခေါင် ၆ နိုင်ငံခေါင်းစဉ်နဲ့  အစည်းအဝေးပြုလုပ်နေတယ်လို့ သိရတယ်။  ဇွန်လ ၇ ရက်နေ့ကလည်း တရုတ်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပြုလုပ်ခဲ့ကြတယ်။ အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး တရုတ်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်မယ်။ အာဆီယံနဲ့ပူးပေါင်း ဆောင်ရွက်မယ်။ မြန်မာပြည်တွင်းက သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆွေးနွေးပွဲပြန်ထိုင်ကြဖို့လိုမယ်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့လိုမယ်။ အကြမ်းဖက်ကိစ္စ တွေအားလုံးရပ်ဆိုင်းဖို့လိုတယ်စသဖြင့် ပြောဆိုခဲ့ကြောင်း ဒီဗွီဘီသတင်းအရ ကြားရတယ်။ အစည်းအဝေးဆွေးနွေးချက်တွေကို ခြုံကြည့်ရင် တရုတ်နဲ့ အာဆီယံရဲ့ အကျိုးစီးပွားအပေါ် ရပ်တည်တာချင်း တူကြတာကလွဲလို့  မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မျှော်လင့်စရာ ဘာမှမရှိဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ခဲ့တာ တွေ့ရတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့နွေဦးတော်လှန်ရေး ဆန္ဒပြသူတွေက စစ်ကောင်စီကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုကြတာဟာ ကမ္ဘာသိကိစ္စဖြစ်တယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မြန်မာစစ်တပ်ရဲ့ အဓမ္မ အာဏာသိမ်းမှုကို ကန့်ကွက်ပြောဆိုမှု မလုပ်ခဲ့။ ဒီ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြားဝင်ဆောင်ရွက်ပေးရေးကိုလည်း ဆန့်ကျင်ခဲ့တာ တွေ့ရတယ်။ မြန်မာကိစ္စအတွက် ASEAN အပေါ် သြဇာပေး အသုံးချနေတာက တရုတ်ရဲ့ ကိုယ်ကျိုး စီးပွားပဓာနထားတယ်ဆိုတဲ့အချက်ကို ပိုပြီး ပေါ်လွင်လာစေတယ်။ စစ်တပ်ရဲ့ အဓမ္မ အာဏာသိမ်းမှု ပေါ်ပေါက်လာရခြင်းရဲ့ မူလဇာစ်မြစ်မှာ တရုတ်ရဲ့ ပယောဂလည်း ပါ၀င်နေတယ်လို့ ပြည်သူတွေက မှတ်ယူထားတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် အခြေအနေအရပ်ရပ် ယိုယွင်းလာနေပြီး၊ တရုတ်-မြန်မာဆက်ဆံရေးလည်း ယိုယွင်းလာနေတာ မြင်ရတယ်။ တရုတ်အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို ဆက်လက်ထောက်ခံနေမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း တရုတ်ထုတ်ကုန်ပစ္စည်း သပိတ်မှောက်ရုံမက၊ တရုတ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေလည်း ပေါ်လာနိုင်တယ်။ ဒီမျှမက မြန်မာ နို်င်ငံအတွင်းမှာ ရှိနေတဲ့ တရုတ် ရင်းနှီမြှုပ်နှံမှုတွေအတွက်လည်း ရေရှည်ရပ်တည်ရေးကို ထိခိုက်လာနိုင်စရာရှိတယ်။

ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဉာဏ်အမြော်အမြင်ရှိမယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့ အမြင်သဘောထားဆန္ဒအမှန်ဟာ ဘာလဲဆိုတာ မြင်အောင်ကြည့်သင့်တယ်။ လက်ရှိ အနေအထားအရ မြန်မာနိုင်ငံရဲ့အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမယ့်သူတွေဟာ ဂျန်ဇီး (Gen-Z)လို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ နွေဦးတော်လှန်ရေးထောက်ခံတဲ့ CDM လှုပ်ရှားမှုမှာ ပါ၀င်ဆင်နွှဲခဲ့ကြတဲ့ ပြည်သူတွေ ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ NUG တို့ကလည်း သူတို့နဲ့ လက်တွဲပြီး တိုင်းရင်းသားပြည်သူတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နေကြတာ ဖြစ်တယ်။ လိုရင်းကို ကောက်ရရင် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ဂျန်ဇီးလို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့အတူ နွေဦးတော်လှန်ရေးဘက်က မြန်မာပြည်သူတွေရပ်တည်နေတာကို တရုတ်နိုင်ငံအနေနဲ့ သိသင့်တယ်။ တရုတ်အနေနဲ့ စစ်ကောင်စီကိုပဲ ဆက်လက် ထောက်ခံ ကာကွယ်နေမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ ဆက်ဆံရေးကို ကြီးကြီးမားမားထိခိုက်စေလိမ့်မယ်။ အဲဒီ အချက်ကို တရုတ်ခေါင်းဆောင်တွေ အထူးသတိပြုသင့်တယ်။

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ စက်ဆုပ်ရွံရှာစရာ ဇာတ်ကောင်အဖြစ် အမြင်မခံလိုရင် မြန်မာပြည်သူ လူထုရဲ့ ၂၀၂၀ မဲရလဒ်ကို လေးစားသင့်တယ်။ တရုတ်အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကိုပဲ ဆက်လက် ထောက်ခံ ကာကွယ်နေမယ်ဆိုရင် အကြမ်းဖက်ဝါဒ အားပေးသူဖြစ်သွားလိမ့်မယ်။ မြန်မာအရေးနဲ့ပတ်သက်တဲ့ ပေါ်လစီကျင့်သုံးရာမှာ အကြမ်းဖက် အာဏာသိမ်းလမ်းစဉ်ကို တရုတ်လို နိုင်ငံကြီးက အားမပေးသင့်။ အကြမ်းဖက် စစ်တပ်ဘက်က ရပ်တည်နေရင် တရုတ်နိုင်ငံနဲ့  မြန်မာပြည်သူလူထုရဲ့ ဆက်ဆံရေးကို ကြီးကြီးမားမားထိခိုက်စေလိမ့်မယ်။ အဲဒီ အချက်ကို တရုတ် ခေါင်းဆောင်တွေ အထူးသတိပြုသင့်တယ်။ အာဆီယံအဖွဲ့အနေနဲ့လည်း တရုတ်သြဇာမခံဘဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ NUG အစိုးရတို့နဲ့ လက်တွဲဆောင်ရွက်သင့်တယ်။ တရုတ်အလိုကျ မြန်မာ့အရေးကို အချိန်ဆွဲဖို့လုပ်နေရင် ကမ္ဘာ့အလယ်မှာ အာဆီယံရဲ့ဂုဏ်သိက္ခာ သုညအောက်အထိ ကျဆင်းသွားနိုင်တဲ့ အချက်ကို သတိမူသင့်တယ်လို့ သတိပေးလိုတယ်။

နန္ဒလင်းရှိန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024