Homeမြန်မာသတင်း
အကြမ်းဖက်မှု မှန်သမျှ ကလေးတိုင်း ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိရမည်ဟု ယူနီဆက်(ဖ်) မြန်မာဌာနေ ကိုယ်စားလှယ်ပြော
အကြမ်းဖက်မှု မှန်သမျှ ကလေးတိုင်း ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိရမည်ဟု ယူနီဆက်(ဖ်) မြန်မာဌာနေ ကိုယ်စားလှယ်ပြော
DVB
·
November 24, 2013
ကလေးတိုင်း အကြမ်းဖက်မှု မှန်သမျှကနေ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိရမယ်လို့ ယူနီဆက်(ဖ်)မြန်မာရဲ့ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေကိုယ်တိုင် အကြမ်းဖက်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို နောက်ထပ် အလိုမရှိ ဆိုပြီး ပြောဆိုနေတယ်လို့ ယူနီဆက်(ဖ်)မြန်မာရဲ့ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ဘာထရန်ဗိန်းဘဲ(လ်) က ပြောဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာကလေးများနေ့နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ သက်တမ်း ၂၄ နှစ်ပြည့် အခမ်းအနားမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် အခန်း ၁၉ ပါ ပြဌာန်းချက်အရ ကလေးတိုင်း အကြမ်းဖက်မှု မှန်သမျှကနေ ကာကွယ် စောင့်ရှောက်ပိုင်ခွင့် ရှိရမယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကို မြန်မာနိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ ယူနီဆက်(ဖ်) ရုံးခွဲ ၁၀ ရုံး ပူးပေါင်း ဆောင်ရွက်မှုနဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ ရန်ကုန်မြို့ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှာ ကျင်းပတာ ဖြစ်ပြီး ကလေးသူငယ် ၁ ထောင်ကျော် တက်ရောက်ပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ် ဩဂုတ် ၁၅ ရက်နေ့မှာ မြန်မာက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်(ဖ်)) ဟာ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ ကလေးငယ်များ ငယ်စဉ်ဘဝမှ ဆယ်ကျော်သက်အရွယ်ထိ ကျန်းမာသန်စွမ်း ရှင်သန်အောင်ကူညီပံပိုးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။