Home
အနုပညာ
သရုပ်ဆောင် ရဲတိုက်ထံမှ စိတ်ကြွဆေးပြားများ ရှာတွေ့ခြင်းမဟုတ်ဟု စစ်ဆေးပေါ်ပေါက်
DVB
·
June 9, 2021

သရုပ်ဆောင်ရဲတိုက်ကို စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါးအမှုမှာ ရဲက တင်သွင်းတဲ့ သက်သေခံ စိတ်ကြွဆေးပြားတွေဟာ  ရဲတိုက်ရဲ့ ကိုယ်ပေါ်ကနေ ရှာတွေ့တာမဟုတ်ဘူးလို့ တရားရုံးမှာ စစ်ဆေးပေါက်ပေါက်တဲ့အကြောင်း  သူ့ရဲ့ ဥပဒေအကြံပေး ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင်မင်းသား ရဲတိုက်ကို လသာမြို့မရဲစခန်းက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုပြီး မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ) နဲ့တရားစွဲဆိုထားတာပါ။ ဇွန်လ ၃ ရက်နေ့မှာ မရမ်းကုန်းမြို့မရဲစခန်းက စွဲဆိုထားတဲ့ မူးယစ်အမှုအတွက် အင်းစိန်ထောင်တွင်းတရားရုံးမှာ တရားလိုရဲစခန်းမှူးကို စတင်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ စိတ်ကြွမူးယစ်ဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေကို ရဲတိုက်ဆီက ဖမ်းဆီးရမိခဲ့တယ်လို့ တရားလိုရဲက  ထွက်ဆိုခဲ့ပေမယ့် တရားရုံးစစ်ဆေးချက်အရ ရဲတိုက်ရဲ့ကိုယ်ပေါ်က ရှာဖွေတွေ့ရှိတာမျိုးမဟုတ်ခဲ့ဘူးလို့  ရဲတိုက်ရဲ့ ဥပဒေအကြံပေး  ဦးခင်မောင်မြင့်က ပြောပါတယ်။

"တရားလိုစစ်တယ်။ စိတ်ကြွဆေးပြား ၁၁ ပြားမိတယ်လို့ဆိုတယ်။ မိတာက အိမ်မှာလည်း မဟုတ်ဘူး။ ရုံးခန်းမှာလည်းမဟုတ်ဘူး။ သူ ပိုင်ဆိုင်တဲ့ အဆောက်အအုံမှာလည်း မဟုတ်ဘူး။ လူသူလေးပါး ဖြတ်သန်းသွားလာနေတဲ့သမိုင်းလမ်းဆုံမှာ ရပ်တန့်ရှာဖွေတာ ဖြစ်တယ်။ ရှာဖွေတွေ့ရှိတာကလည်း သူ ဝတ်ထားတဲ့ အင်္ကျီဘောင်းဘီတွဲလျက် ဝတ်စုံအိတ်ထဲကလည်း မိတာမဟုတ်ဘဲနဲ့ ကိုရဲတိုက် လွယ်လာတယ်လို့ပြောတဲ့ ပြောက်ကျားအိတ်ကလေးထဲကနေမှ ဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေမိတယ်ဆိုတော့ ကိုရဲတိုက်ကတော့ ဒါ သူ့ပစ္စည်း မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားတယ်။ တရားလိုဒုရဲအုပ်ကလည်း သူ ရှာတယ်လို့ ပြောတယ်။ အဓိကပေါ်ပေါက်တာကတော့ ဒီဆေးပြား ၁၁ ပြားသည် ကိုရဲတိုက်ရဲ့ကိုယ်ခန္ဓာပေါ်က အဝတ်အစားတွေထဲက တွေ့တာမဟုတ်ဘူး။ သီးခြားဖြစ်နေတဲ့ အိတ်တအိတ်ထဲက တွေ့ခဲ့တယ်ဆိုတာကို ပေါ်ပေါက်အောင် စစ်ဆေးနိုင်ခဲ့တယ်။ လက်ဝယ်တွေ့ရှိမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ချေဖျက်နိုင်ဖို့ ကြိုးစားနိုင်ခဲ့တဲ့ အနေအထားရှိခဲ့ပါတယ်"။

အဲဒီနေ့ရုံးချိန်မှာ သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းဖမ်းဆီးတာ တမျိုးတည်းမဟုတ်ဘဲ  ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ကြေညာချက်အရသာ ဖမ်းဆီးခဲ့တယ်ဆိုတဲ့အချက်ကို တရားရံးမှာ ပေါ်အောင်စစ်နိုင်ခဲ့တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။

"ကိုရဲတိုက်ကို ဖမ်းဆီးခြင်းသည် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းဖမ်းဆီးတာ မဟုတ်ဘူး။ ဖမ်းဆီးတဲ့ ဧပြီလ ၃ ရက်နေ့မနက်ပိုင်းမှာ ကြေးမုံသတင်းစာ စာမျက်နှာ ၁၇ မှာပါတဲ့ ကိုရဲတိုက် အပါအဝင် အနုပညာရှင်တွေကို ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ကြေညာချက်ပါတယ်။ အဲဒီကြေညာချက်အရပဲ ဖမ်းဆီးတာဖြစ်တယ်။ ဒါကို ပေါ်ပေါက်အောင်စစ်နိုင်ခဲ့တယ်"လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

လက်ရှိ သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

ရဲတိုက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လသာမှာစွဲထားတဲ့ ပုဒ်မ ၅၀၅ (က) အမှုအတွက် ဇွန်လ ၁၅ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ပြီး မရမ်းကုန်းမှာ စွဲထားတဲ့ မူးယစ်အမှုအတွက် ၁၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024