အင်အားကြီး ၆ နိုင်ငံနဲ့ အီရန် နျူးကလီးယားအရေးဆွေးနွေးပွဲ ယာယီ သဘောတူညီမှု ရရှိ

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ အီရန် နျူးကလီးယားအရေး ဆွေးနွေးပွဲဟာ ၅ ရက်နီးပါး အကြိတ်အနယ် ဆွေးနွေးပြီး တနင်္ဂနွေနေ့ စောစောပိုင်းက ၆ လ ယာယီ သဘောတူညီမှုများနဲ့ အဆုံးသတ်ခဲ့ပါတယ်။ Iran 6 monthအဲဒီသဘောတူညီချက်အရ အီရန်ရဲ့ လက်ရှိ နျူးကလီးယားအစီအစဉ်ကို ၆ လ ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ အီရန်ဟာ နျူးကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့အဆင့်အထိ ယူရေနီယမ် သန့်စင်မှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ မပြုလုပ်ဖို့ ကတိပေးခဲ့ပါတယ်။ အီရန်ရဲ့ နျူးကလီယားအစီအစဉ်ကိုလည်း  နိုင်ငံတကာစစ်ဆေးရေးအဖွဲ့တွေကို နေ့စဉ် ၀င်ရောက် စစ်ဆေးခွင့်ကို ပေးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုတွေကို ဆိုင်းငံ့ထားလိုက်ပြီး အကန့်အသတ်နဲ့ စီးပွားရေး ဖြေလျော့မှုတွေ ပေးလိုက်ပါတယ်။ နိုင်ငံခြားဘဏ်တွေမှာ ဆိုင်းငံ့ခံထားရတဲ့ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံကို အီရန်နိုင်ငံက ပြန်လည်ရရှိမှာ ဖြစ်သလို ရွှေနဲ့ ရေနံဓာတုထွက်ကုန်တွေအတွက် ဖြေလျော့ခွင့်တွေလည်း ပေးလိုက်ပါတယ်။ အင်အားကြီး ၆ နိုင်ငံကိုယ်စား အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပဏာမဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ အီးယူရဲ့ မူဝါဒရေးရာအကြီးအကဲ ကက်ဒရင်း အက်စ်တွန် (Catherine Ashton) က သူနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပဏာမဆွေးနွေးမှုတွေဟာ နျူးကလီးယားအငြင်းပွားမှုကို အဆုံးသတ်ခဲ့တဲ့ ဒီ ယာယီ သဘောတူညီချက်တွေအတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတအိုဘာမားရော၊ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ် ပါ ယခု သဘောတူညီမှုတွေဟာ ပထမအဆင့်ပဲ ဖြစ်တယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပထမအဆင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီရန်က အခုလို သဘောတူခဲ့တာကြောင့် အရှေ့အလယ်ပိုင်းနဲ့ အစ္စရေးနိုင်ငံတို့ဟာ အီရန်နျူးကလီးယား အန္တရာယ်က သက်သာ သွားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up