ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လက်လုပ်သေနတ်တွေရှိရင် လာအပ်ကြဖို့ ဇွန်လ ၈ ရက် ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက် ကျေးရွာတွေထဲ လိုက်လံကြေညာနေပါတယ်။
လက်လုပ်သေနတ်ဆောင်ထားသူတွေအနေနဲ့ ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အုပ်ချုပ်ရေးဌာနတွေကို လာအပ်ဖို့ ကြေညာတာလို့ ဒေသခံတွေက ပြောပါတယ်။
"မနေ့ညပိုင်းက လိုက်ကြေညာတာ လုပ်သေနတ်ရှိတဲ့သူတွေ နေအိမ်တွေမှာ ဆောင်ထားရင် ဒီလ ၁၀ ရက်နေ့ နောက်ဆုံးထား လာအပ်ကြဖို့ပေါ့ ကားနဲ့လိုက်ပတ်ပြီး နေရာစုံအောင် အော်တာ''လို့ ဒေသခံတဦးက ပြောပါတယ်။
လက်လုပ်သေနတ်ဆောင်ထားသူတွေကို သတ်မှတ်ရက်အတွင်း လာရောက်အပ်နှံပါက အရေးယူမှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေက မက်လုံးပေး ကြေညာနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဇွန်လဆန်းက အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို လက်လုပ်သေနတ်တွေနဲ့ ခုခံတာတွေ ဖြစ်ပြီးနောက်ပိုင်း ခုလို လုပ်သေနတ်တွေလာအပ်ဖို့အတွက် စတင် ကြေညာလာတာဖြစ်ပါတယ်။