Live
Home
မြန်မာသတင်း
မြန်မာ့အရေး အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
June 8, 2021

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါ၀င်လိုတဲ့ဆန္ဒ ရှိတယ်လို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေး၀န်ကြီး ဝန်ယိက ပြောပါတယ်။

အာဆီယံနဲ့ ပူးပေါင်းဖို့ အဆင်သင့်ရှိတယ်လို့လည်း  ဇွန်လ ၇ ရက်က  အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်ရဲ့ရပ်တည်ချက်ကို ပြောဆိုပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကလည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ဖို့နဲ့ ကန့်သတ်တားမြစ်ချက်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ဖယ်ရှားရှင်းလင်းဖို့ရာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုတဲ့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်စတင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုနဲ့ ဥပဒေမူဘောင် လုပ်ဆောင်ဖို့ သက်ဆိုင်သူ အားလုံးကို တရုတ်အစိုးရက တိုက်တွန်းကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက  ပြောပါတယ်။ 

ကိုဗစ်-၁၉ ကပ်ဘေးကို ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီဖို့အတွက် အာဆီယံနဲ့ ပူးပေါင်းရန် အဆင်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်နာလန်ထူဖို့ကိစ္စ၊ ပြည်သူလူထုရဲ့ သက်မွေး၀မ်းကျောင်း တိုးတက်အောင်ဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို သေချာအောင်လုပ်ဖို့တွေမှာ တရုတ်နိုင်ငံဟာ အတူတကွ ပံ့ပိုးကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။

တဖက်သတ် ဒဏ်ခတ်အရေးယူမှုတွေနဲ့ မသင့်လျော်တဲ့ ၀င်ရောက်စွက်ဖက်မှုတွေကို ရှောင်ရှားနိုင်ဖို့ တခြားနိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ရည်ရွယ်ချက်တွေနဲ့ မူဘောင်စည်းကမ်းကမ်းတွေကို လိုက်နာဖို့လည်း တရုတ်က တိုက်တွန်းထားပါတယ်။ 

တရုတ်-အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေဟာ တရုတ်ပြည် အနောက်တောင်ပိုင်း ချုံကျင်းမှာ ကျင်းပတဲ့ နှစ် ၃၀ မြောက် တွေ့ဆုံဆွေးနွေးရေးဆက်ဆံရေး နှစ်ပတ်လည် အထိမ်းအမှတ် တရုတ်-အာဆီယံ  နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကြမ်းဖက်အဖွဲ့ရဲ့ ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် လည်း တက်ရောက်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024