မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် အမြန်လမ်းမကြီးပေါ်ရှိ ရွှေအုန်းပင်စားသောက်ဆိုင်မှာ ဇွန်လ ၆ ရက်နေ့က လက်လုပ်ဗုံးပေါက်ကွဲခဲ့တာကြောင့် ဇွန်လ ၇ ရက် ညနေက မိတ္ထီလာမြို့ထဲရှိ ရွှေအုန်းပင်ထမင်းဆိုင်တွေနဲ့ ဟိုတယ်တို့ အပိတ်ခံလိုက်ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"မိတ္ထီလာ ပထမလမ်းမတော် သာသနာ့ဗိမာန်နားက ထမင်းဆိုင်ရယ်၊ ကန်ကူးတံတားအရှေ့ဘက်ထိပ်နားက ဟိုတယ်ရယ် စာတိုက်အနောက်ဘက်လမ်းနားက ကန်သာယာ(ရွှေအုန်းပင်)ထမင်းဆိုင် မနေ့က ပေါက်ကွဲမှုဖြစ်တဲ့ဆိုင်နဲ့ဆို ထမင်းဆိုင် ၃ ဆိုင်နဲ့ ဟိုတယ် ၁ ခုကို သက်ဆိုင်ရာက လာပိတ်သွားတာ သိရတယ်"လို့ ပြောပါတယ်။
ဇွန်လ ၆ ရက်နေ့က အမြန်လမ်း ကံကောင်းလမ်းဆုံရှိ ရွှေအုန်းပင်စားသောက်ဆိုင်မှာ လက်လုပ်ဗုံးပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး လက်လုပ်ဗုံးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။