မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေမှာ ဇွန် ၆ ရက် ညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ ဝင်ရောက်တပ်စွဲထားတာကြောင့် ပြည်သူ ၂၀,၀၀၀ ကျော်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက ဘုန်းကြီးကျောင်းမှာ လာပြီးတော့ တပ်စွဲထားတာကြောင့် အနီးအနား ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရ တယ်လို့ နှမ်းခါးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေ ပါဝင်နေပြီး ကလေးငယ်တွေလည်း ဖျားနာနေတာကြောင့် ဆေးဝါးအအကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေဟာ တောထဲ တောင်ထဲတွေမှာ အမိုးအကာမရှိ နေနေရပြီး ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာပြတ်လပ်ခါနီးနေပေမဲ့ ရွာထဲကိုလည်း ပြန်မယူရဲ ဘူးလို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ PDF အဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာမှာ ပြည်သူ ၆ ယောက် ကျဆုံးခဲ့ပြီး ရဲလှရွာက နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီး ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။