ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ ဇွန်လ ၅ ရက် ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးသွားပါတယ်။
ရေလဲချောင်းဖျားကျေးရွာမှ ဒေသခံ အမျိုးသား ၂ ယောက်ဟာ ည ၉ နာရီခွဲလောက် အိမ်ကိုပြန်လာချိန် ဓနုဖြူမြို့ဘက်မှ ကင်းလှည့်ရင်းမောင်းနှင်လာသော စစ်ကားနဲ့တွေ့ပြီး သေနတ်နဲ့ပစ်ခံရလို့ ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ ကျည်ထိမှန် သေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
"ကင်းလှည့်တဲ့စစ်ကားနဲ့တိုးပြီးတော့ စစ်တပ်က သူတို့ကို လိုက်ပစ်တာ။ ရှေ့ကမောင်းတဲ့လူက နားရွက်ကို ထိတယ်။ နောက်ကထိုင်စီးတဲ့လူက သေနတ်မှန်ပြီး ဆိုင်ကယ်နောက်က ပြုတ်ကျပြီး ကျန်ခဲ့တာ။ ဒီမနက်ကျမှ အလောင်းပြန်ရတယ်"လို့ ဓနုဖြူမြို့ခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်စီးလာတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေဟာ အမှတ် ၁၀၈ ခြေလျင်တပ်ရင်းက စစ်သားတွေဖြစ်ပြီး သေဆုံးသူကတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။