တိုက်​ကွမ်​ဒို​က​စား​နည်းမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်မယ်

Photo by 27seagames2013
၂၇ ကြိမ်မြောက်ဆီးဂိမ်းရဲ့ တိုက်ကွမ်ဒိုအားကစားနည်းမှာ အရှေ့တောင်အာရှမှ နိုင်ငံပေါင်း ၁၁ နိုင်ငံလုံး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အဲ့ဒီနိုင်ငံတွေ အားလုံးကိုလည်း ကျော်ဖြတ်ပြီး ဆုတံဆိပ်တွေ ယူနိုင်မှာပါလို့ တိုက်ကွမ်းဒိုအဖွဲ့ချုပ်က အခိုင်အမာပြောလိုက်ပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိင်၊ ထိုင်းနဲ့ အင်းဒိုနီးရှား စတဲ့လေးနိုင်ငံကို ခက်ခက်ခဲခဲပြိုင်ရမှာဖြစ်လို့ နည်းပြတွေနဲ့ ကစားသမားတွေဟာ နေ့ည အပြင်းအထန် လေ့ကျင့်နေကြတာကိုလည်း တွေ့ရပါတယ်။ တိုက်ကွမ်ဒိုကစားနည်းမှာ အတိုက်အခိုက်နဲ့ အလှပြနှစ်မျိုး ရှိပါတယ်။ [caption id="attachment_46839" align="alignright" width="300"]Photo by 27seagames2013 Photo by 27seagames2013[/caption] ကစားနည်းနှစ်မျိုးလုံးအတွက် ရွှေ ၂၁ ခုချီးမြှင့်မှာလည်း ဖြစ်ပါတယ်။ တိုက်ကွမ်းဒို အလှပြ ကစားနည်းရဲ့ ရွှေတံဆိပ်ဆုများရှင် အသက်နှစ်ဆယ်သာရှိသေးတဲ့ မြန်မာ့ လက်ရွေးစင် ကစားသမား ယမင်းကေခိုင်ကတော့ မောပမ်းနေတဲ့ကြားထဲကပဲ သူ့အတွေ့အကြုံတွေနဲ့ မျှော်လင့်ချက်တွေကို အခုလိုပြောပါတယ်။ “ပြင်ဆင်တာကတော့ အများကြီးပါ။ ဘယ်နိုင်ငံက ဘာလိုကောင်းလဲ၊ သူတို့ အားနည်းချက် အားသာချက်တွေကို စဉ်းစားပြီးတော့ ကိုယ့်ရဲ့ အားသာချက် အားနည်းချက်နဲ့ ယှဉ်ပြီးတော့ ပြင်ရတယ်။ ညီမအားနည်းတာက ပါဝါပိုင်းပေါ့။ တခြား နိုင်ငံတွေက ကိုယ့်ထက်ပါဝါများတယ်။  ကိုယ်က ပါဝါမယှဉ်နှိုင်တဲ့အတွက် စပီကို အမြန်ဆုံး ပြင်ရပါတယ်။ စပီကောင်းရင် ပါဝါမီတယ်ပေါ့။ အဲဒီအတွက် စပီကောင်းအောင် လေ့ကျင့်နေပါတယ်။ ဒီဆီးဂိမ်းမှာ ရွှေတံဆိပ်ရမယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။” ဒီပွဲမှာ ထိုင်းနိုင်ငံမှ ကမ္ဘာ့ချန်ပီယံကစားသမားတွေ ပါဝင်မယ့်အပြင်  ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ကလည်း ရွှေတံဆိပ်ဆု များစွာရရှိထားတဲ့အတွက် မြန်မာကစားသမားတွေထက် အတွေအကြုံအားဖြင့် သာလွန်တယ်လို့လည်း ကစားသမားတွေက ပြောပါတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းရဲ့ တိုက်ကွမ်ဒိုကစားနည်း အတိုက်အခိုက်ပိုင်းမှာ ရွှေတံဆိပ်ရဖို့ ရေပမ်းစားနေတဲ့ ကစားသမား ကိုနိုင်ထွေးရှင်ကလည်း လျှပ်စစ်ကာဗာတွေနဲ့ လေ့ကျင့်ရလို့ တိုးတက်မှုတွေရှိလာပြီး ရွှေရဖို့ ယုံကြည်လာတဲ့အကြောင်း ပြောပါတယ်။ “အခုဆိုလို့ရှိရင် နိုင်ငံတကာမှာလည်း ဒီလိုမျိုး လျှပ်စစ် ကာဗာတွေနဲ့ ကျင်းပနေပြီ။ ဟိုးအရင်တုန်းက ဆိုရင် ကျနော်တို့ နိုင်ငံမှာ လျှပ်စစ်ကာဗာ မသုံးဘူး။ မသုံးဘူးဆိုတာ ဒီလိုမျိုး ရိုးရိုးကာဗာနဲ့ပဲ လေ့ကျင့်တယ်။ သူများနိုင်ငံသွားမှာ လျှပ်စစ်ကာဗာနဲ့ ချရတဲ့အခါမှာ အခက်အခဲ အများကြီး ရှိတယ်။ ကိုယ့်နိုင်ငံမှာ ဒီလိုမျိုး လျှပ်စစ်ကာဗာနဲ့ လေ့ကျင့်ပေးတာဆိုတော့ အများကြီးအထောက်အပံ ဖြစ်ပါတယ်။ လေ့ကျင့်နေတာနဲ့အမျှ ရွှေမျှော်လင့်ချက်က အများကြီး ယုံကြည်မှုတွေ ရှိလာပါတယ်။” မြန်မာပြည်မှာ ၁၂ နှစ်ကြာ နည်းပြအတွေ့အကြုံရှိတဲ့ ကိုရီးယားနည်းပြကလည်း အတိုက်အခိုက်နှင့် အလှပြနှစ်မျိုးလုံးအတွက်အနည်းဆုံး ရွှေတံဆိပ်ဆု ၄ ခုရဖို့ မျော်မှန်းထာတယ်လို့ ပြောပါတယ်။ သူပြောတာကတော့ ကျနော်တို့ ကစားသမားတွေဟာ လေ့ကျင့်ရာမှာ တိုးတက်မှုတွေ ကျွမ်းကျင်မှုတွေ အရင်ကထက် ပိုလာတယ်ဆိုပေမယ့် လိုအပ်ချက်အနေနဲ့ အတွေ့အကြုံပိုင်းနဲ့ လက်တွေ့လုပ်ဆောင်မှုအပိုင်းတွေ တော့အားနည်း နေပါတယ်။ လေ့ကျင့်ချိန်မှာ လုပ်သွားတဲ့ ကန်ချက်တွေ အရှိန်တွေ အားအရမ်းကောင်းပေမယ့် လက်တွေ့ တိုက်ခိုက်လေ့ကျင့်တဲ့အခါ အားနည်းတာတွေ တွေ့ရပါတယ်။ တိုက်ကွမ်ဒိုကစားနည်းမှာ ပါဝင်တဲ့ အလှပြနဲ့ အတိုက်အခိုက် စတဲ့ ကစားနည်းအားလုံးအတွက် ကစားသမား ၁၆ ယောက်ရွေးချယ်ထားပါတယ်။ အတိုက်အခိုက် ကစားနည်းလည်း ဖြစ်တဲ့ အတွက် လေ့ကျင့်ရာမှာ အပြင်ပိုင်း ထိခိုက်ဒဏ်ရာ အနည်းအကျဉ်းရှိပေမယ့် အတွင်းပိုင်း ကျန်းမာရေးကတော့ ကစားသမားအားလုံး ကောင်းမွန်ကြတယ်လို့ နည်းပြတွေက ဆိုပါတယ်။ တိုက်ကွမ်ဒိုနည်းပြချုပ် ကိုကျော်သန်းဦးက “ကျနော်တို့ အဓိက ပြိုင်ဘက်တွေက များတယ်ဗျ။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားပေါ့နော်။ ကြိုက်တဲ့ နိုင်ငံမှာပြိုင် သူတို့က ရွှေတံဆိပ် ၇ ခုလောက်ကို လိုက်ယူနေတဲ့ နိုင်ငံတွေ။ သူတို့ဆီက ရွှေတံဆိပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတော့ ရယူရမှာဖြစ်တယ်။ ” လို့ ပြောပါတယ်။ တိုက်ကွမ်းဒို ကစားနည်းပြိုင်ပွဲကို လူ ၃၀၀၀ ဆန့် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ မိုးလုံလေလုံ အားကစားကွင်းမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသွားမှာပါ ဖြစ်ပါတယ်။ တိုက်ကွမ်ဒိုအားကစားနည်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက အားကစားသမားတွေဟာ ရွှေတံဆိပ် ၂၀ ကျော်၊ ငွေတံဆိပ် ၂၀ ကျော်နဲ့ ကြေးတံဆိပ် ၇၀ ကျော် ရရှိပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up