ရန်ကုန်မြို့မှာ ၁ လကို ကားအစီးရေ ၁ သောင်းဝန်းကျင်တိုးလာနေ
မျိုးဇော်လင်း
·
November 22, 2013
ရန်ကုန်မြို့ရဲ့ကားလမ်းမတွေပေါ်မှာကားတွေပြည့်ကျပ်နေပြီး ယာဉ်ကြောပိတ်ဆို့ မှုပြဿနာ ကြီးထွားလာနေပေမယ့် ပြည်ပကနေ တင်သွင်းကားတွေ ၁ လကို ၁ သောင်းနီပါးတိုး လာနေ တယ်လို့ ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်းရေးဦးစီဌာနက ပြောပါတယ်။
ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့တခြားမြို့တွေနဲ့ယှဉ်ရင်း ကားတင်သွင်းမှုအများဆုံးဖြစ်ပြီး ပြည်ပကနေ တစ်လကို ကားအစီးရေ တစ်သောင်းနီးပါး တင်သွင်းမှုရှိနေတယ်လို့ ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်းရေးဦးစီဌာနက အဆင့်မြင့်အရာရှိတဦးကပြောကြားလိုက်တာပါ။
ကျပ် သိန်းရာကျော်တန် အိမ်စီးကားတွေ သာတင်တွင်းမှုများပြီး ကားတင်သွင်းတဲ့သူတွေက ရန်ကုန်လိပ်စာနဲ့ တင်သွင်းကြတာများတယ်လို့ ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်းရေးဦးစီဌာနက တာဝန်ရှိ အရာရှိကအခုလိုပြောပါတယ်။
“၂၀၁၁ ခုနှစ်ကစပြီး တင်သွင်းခဲ့တာ ၁ နှစ်ကျော်ပါပြီ။ အဲဒီတုန်းက ရန်ကုန်ထဲမှာ ယာဉ်အစီးရေ ၂ သိန်း ၁ သောင်းကျော် ရှိတယ်။ အခုက ၃ သိန်း ၂ သောင်းကျော်ရှိတယ်။ ၁ သိန်းကျော် တိုးတယ်။ ရန်ကုန်မှာတော့ အများဆုံးပဲ။ ရန်ကုန်မှာတော့ တလကို ၁ သောင်းနီးပါး တိုးလာတယ်။ ”
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ကတော့ ကားတင်သွင်းသူတွေများလာပြီး
စိတ်ကြိုက်ကားနံတွေကို ရွေးချယ်မှုတွေရှိလာတဲ့အတွက် တလကို သိန်း ၁၅၀၀ ၀န်းကျင် ၀င်ငွေရရှိနေတယ်လို့ ကားနံ ပတ်စိစစ်ရေး ငွေစာရင်းဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
စိတ်ကြိုက်ကားနံပတ်ရွေးချယ်ဝယ်ယူခွင့်ပြုထားတဲ့အတွက် နံပတ်ကြိုတင်ဝယ်ယူမှုတွေရှိလာပြီး အပြိုင်အဆိုင်လုဝယ်တာတွေလဲရှိလာတယ်လို့ စိတ်ကြိုက်ကားနံပတ် ရွေးချယ်ဝယ်ယူပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ ဦးမင်းဇော်ဦးက အခုလိုပြောပါတယ်။
“ကားနံပတ် ၁ ထောင်ကို ၅ သိန်း၊ ၇ ထောင်ကို ၆ သိန်း၊ ၉ ထောင်ကို ၁၃ သိန်းလား မသိဘူး။ လေးလုံး အပူးတွေလည်း ၀ယ်တယ်။ သုံးလုံး အပူးတွေလည်း ၀ယ်ကြတယ်။ ၉၉၉၉ ဆိုရင် ကြိုဝယ်တဲ့အခါ ဈေးအများဆုံး ၂၆ သိန်းပဲ။ ရောက်ရှိလာရင် ရောက်ရှိတဲ့ဈေးတမျိုးပေါ့။ ”
၂၀၁၁ ခုနှစ် စတင်ဘာလကစတင်ပြီး ပြည်ပကနေ ကားတွေမှာယူတင်သွင်းခွင့်ပြုလိုက်ပြီးနောက် ၂နှစ်ကျော်ကာလ အတွင်း မြန်မာနိုင်ငံမှာ ကားအစီးရေ တစ်သိန်းကျော်တိုးလာခဲ့ပါတယ်။