ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က CDM ကျောင်းအုပ်ဆရာ တစ်ယောက်ကို စစ်အုပ်စုက လာဖမ်းတာမှာ မတွေ့လို့ ကျောင်းအုပ်ဆရာရဲ့ ယောက်ဖကို ဖမ်းသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
"ကြို့ပင်ကောက်မြို့နယ်၊ လက်ပတောရွာ မူလတန်းကျောင်းအုပ် ဦးနေလင်းဦးကို လာဖမ်းတာ။ ဆရာက တောင်မို့ပြောင်ရွာမှာ နေတယ်။ ဒီမနက်အစောပိုင်း ၁ နာရီခွဲလောက်က သူ့အိမ်ကို လာဖမ်းတာမှာ မရှိလို့ သူ့ယောက်ဖ ကိုဝင်းမိုးကျော်ကို ဖမ်းသွားတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျောင်းအုပ် ဦးနေလင်းဦးက တိမ်းရှောင်နေပြီး သူ့ဇနီးကလည်း ကိုယ်ဝန်နဲ့ဖြစ်လို့ တခြားနေရာမှာ ပြောင်းရွှေ့နေထိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၄ လကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးခံရသူအရေအတွက် ၇၆ ယောက်ထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။