ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဇွန် ၁ ရက်ကဖြစ်ပွားခဲ့တဲ့ ဗုံး ၃ လုံး ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက အမှတ် ၂ ရပ်ကွက်၊ ကျွန်းတောလမ်းနေ ကိုဇေကြီးဆိုသူ ကွန်ပျူတာ ဆိုင်ပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်း ကိုအောင်ပိုင်တို့ ၂ ဦးကို ဖမ်းဆီးသွားပါတယ်။
ကွန်ပျူတာဆိုင်ပိုင်ရှင် ကိုဇေကြီးကို ဇွန် ၃ ရက် ညပိုင်းက နေအိမ်မှာ ဖမ်းဆီးပြီး ဆိုင်ဝန်ထမ်း ကိုအောင်ပိုင်ကို မနက်ပိုင်းမှာ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"အရပ်ဝတ်တွေ သေနတ်တွေနဲ့လာတာ။ လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ မနက်ကျတော့ သူ့ဆိုင်ကဝန်ထမ်းကိုအောင်ပိုင်ဆိုတဲ့ ကောင်လေးကိုထပ်လာ ဖမ်းတယ်"လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ကွန်ပျူတာဆိုင်ရှင်နဲ့ ဝန်ထမ်းကို ဖမ်းဆီးတဲ့အပြင် ဆိုင်ထဲမှ ကွန်ပျူတာပစ္စည်းတွေကိုလည်း ဖျက်ဆီးပြီး တချို့ကိုယူဆောင်သွားတယ်လို့ ဆိုပါတယ်။
အသုတ်မြို့မှာ ဇွန် ၁ ရက်က ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက တိုက်စွန်းအောက်အင်းကျေးရွာက လူငယ် ၁ ဦး၊ အသုတ်မြို့က ရှေ့နေ ၁ ဦးအပါအဝင်လူ ၄ ဦး ဖမ်းဆီးထားခဲ့ပြီး အခု နောက်ထပ် ၂ ဦး ထပ်မံဖမ်းဆီးတာဖြစ်ပါတယ်။