ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး အာဝန်ပီဟင်ယူဆော့ဖ်နဲ့ အာဆီယံအတွင်းရေးမှူးချုပ် လင်မ်ဂျောခ်ဟွိုင်တို့ခေါင်းဆောင်တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာ မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ ဧပြီ ၂၄ ရက်နေ့ အာဆီယံနိုင်ငံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ရလဒ်တွေ အကောင်အထည်ဖော်ဖို့ကိစ္စ၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်နေမှုကိစ္စ၊ အာဆီယံကနဦးဆန်းစစ်လေ့လာရေး အကြံပြုချက်တွေ အကောင်အထည်ဖော်ရေးကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိရေးအတွက် အာဆီယံအဖွဲ့မှဆောင်ရွက်နေမှု၊ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် CRPH၊ NUG တို့နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းကိစ္စ၊ ရွေးကောက်ပွဲသစ်ကျင်းပမယ့်ကိစ္စနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စရပ်တွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ၄ လ အတွင်းမှာ အာဆီယံအဆင့်မြင့်ခေါင်းဆောင် ၂ ယောက်နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ်တွေ့ဆုံတာ ဖြစ်ပါတယ်။
အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာပြည်လာခွင့်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှာနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးကနေ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
ဓာတ်ပုံ-cincds