အီရန်နူးကလီယားဆွေးနွေးပွဲ ဒုတိယနေ့ ဂျီနီဗာတွင် ဆက်လက် ကျင်းပ

1K
ကြာသပတေးနေ့က အီရန်နူးကလီယားဆွေးနွေးပွဲ ဒုတိယနေ့အပြီးမှာ တိုးတက်မှုတွေ ရှိသော်လည်းပဲ ဆွေးနွေးစရာတွေလည်း အများကြီးကျန်သေးတယ်လို့ သိရပါတယ်။
P5 + 1 လို့ခေါ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ကို ကိုယ်စားပြုပြီး ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှ်တန် (Catherine Ashton)နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ် (Mohammad Javad-Zarif )တို့ အရင်ဆုံ တွေ့ဆုံခဲ့ကြပါတယ်။
နှစ်ဖက်သဘောတူညီချက်တွေ အရင်ရှာဖို့နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တုန်းက သဘောမတူခဲ့တဲ့အချက်တွေကို တတ်နိုင်သလောက် လျော့ချဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ကတ်သရင်း အက်ရှ်တန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်မန်း (Michael Mann) ပြောတာကတော့ “ဒါဟာ ဆွေးနွေးညှိနှိုင်းပွဲ ဖြစ်တယ်။ တချက်ထဲနဲ့တော့ အကုန်လုံး အဆင်မပြေနိုင်ဘူး။ အဓိကအချက်တွေပေါ်မှာ အသေးစိတ်ညှိနှိုင်း အဖြေရှာသွားကြရမယ်။ ဒါကြောင့် အချိန်တော့ ယူရမယ်။”လို့ ပြောကြားခဲ့ပါတယ်။
တခြားနူးကလီယားပိုင်ဆိုင်တဲ့နိုင်ငံတွေလိုပဲ နူကလီယားမပြန့်ပွားရေးစာချုပ်အတိုင်း အီရန်နိုင်ငံကို မျှမျှတတ ဆက်ဆံဖို့ပါ။ အီရန်နိုင်ငံဟာလည်း နိုင်ငံတကာစံချိန်စံညွန်းတွေ၊ တာဝန်ခံမှုတွေနဲ့ နူကလီယား စွမ်းအင်ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်တော့ ရှိပါတယ်။
တဖက်ကလည်း အီရန်အနေနဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ၀င်ခွင့်ပြုရမယ်။ စစ်ဆေးခွင့်ပြုရမယ်။ နောက်ဆုံးရလဒ်ကတော့ အီရန်အနေနဲ့ သူ့ရဲ့နူးကလီယားအစီအစဉ်ဟာ လုံးဝ အန္တရာယ်ကင်းတယ်ဆိုတာကို နိုင်ငံတကာကို အာမခံရမှာ ဖြစ်တယ်။ တာဝန်ခံမှုနဲ့ အခွင့်အရေးပေါ့”။ လို့ ဆက်လက်ရှင်းပြခဲ့ပါတယ်။
