တမူးခရိုင်တွင်း လက်ဖက်ရည်ဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွား
နန်းမြနဒီ
·
November 22, 2013
မြန်မာ- အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်ထဲက ကျေးရွာတခုမှာ လူတွေ ထိခိုက်ဒဏ်ရာရမှုမရှိတဲ့ အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တမူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_46807" align="alignright" width="300"] Photo by MOI[/caption]
တမူးမြို့မြောက်ဘက် မိုင် ၄၀ လောက်ဝေးတဲ့ မြို့သစ်မြို့နယ်ခွဲ အောင်ဇေယျ ကျေးရွာက ဒေါ်ဝင်းတင် လက်ဖက်ရည်ဆိုင်မှာ နိုဝင်ဘာ ၂၁ ရက်နေ့မနက်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲဝန်ထမ်းတဦးက ခုလို ပြောပြပါတယ်။
“၂၁ ရက်နေ့ မနက်ခင်းပိုင်း ၁ နာရီခွဲဗျ၊ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ပျက်စီးဆုံး ရှုံးမှုကတော့ အဲဒီက လဘက်ရည်ဆိုင်ဆိုတော့ စားပွဲဝိုင်းတွေ ထိုင်ခုံလေးတွေ ပျက်စီးပါတယ် ခင်ဗျ၊ ကျနော်တို့ဘက်က ဆက်လက်စုံစမ်းနေပါတယ်ဗျ။ ဘယ်လို အကြောင်းအရင်းကြောင့်လဲ။ ဘယ်အဖွဲ့အစည်းက လုပ်တာလဲ။ ပြီးတော့ ဘာကြောင့်လုပ်တာလဲဆိုတာ စုံစမ်းနေပါတယ်။”
အဲဒီနယ်မြေတ၀ိုက်မှာ အိန္ဒိယနိုင်ငံဘက်က လက်နက်ကိုင် သောင်းကျန်းသူတွေ မကြာမကြာ ခိုးဝင်လှုပ်ရှားလေ့ ရှိပေမယ့် ပေါက်ကွဲမှု ဖြစ်ပွားလေ့မရှိကြောင်း၊ ဒီတခေါက်တော့ သူတို့ အချင်းချင်းကြား ပြဿနာဖြစ်လို့ တိုက်ခိုက်တာဖြစ်နိုင်ကြောင်း တမူးခရိုင် ရဲစခန်းက ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း အမည်မသိ လက်နက်ကိုင် ၃ ဦးက လက်ပစ်ဗုံး ၁ လုံးစီနဲ့ ပစ်ပေါက်ပြီး ထွက်ပြေးသွားကြောင်း၊ ပေါက်ကွဲတဲ့ နေရာကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ ကူကီး သောင်းကျန်းသူတွေ သုံးလေ့ရှိတဲ့ လက်လုပ်မိုင်းဖြစ်နိုင်ကြောင်း ဖော်ပြပါတယ်။