စိတ်ကြွဆေး ၁ သန်းခွဲ မူဆယ်မှာ ဖမ်းမိ
DVB
·
November 22, 2013
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ညက မူဆယ်မြို့နယ် ဟိုမွန်ရပ်ကွက် နေအိမ်တခုကနေ
အင်ဖက်တမင်း စိတ်ကြွဆေးပြား ၁ သန်းခွဲ ဖမ်းဆီးရမိခဲ့ကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။
ဒါဟာ အခုနှစ်အတွင်း တနေရာထဲကနေ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေး အရည်အတွက် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ဒီ အင်ဖက်တမင်း ဆေးပြားတွေဟာ နယ်စပ်ပေါက်ဈေး ၁ ပြား မြန်မာငွေ ၁ ထောင်ကျပ်
နဲ့တွက်ရင်တောင် ကျပ်ငွေ သန်း ၁ ထောင်ခွဲ ပမာဏရှိတာ တွေ့ရပါတယ်။
အလားတူ တနေ့ထဲမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသထဲမှာ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး ချက်စက်ရုံ ၁ ရုံကို တိုက်ခိုက် သိမ်းပိုက်ရခဲ့ပြီး မူးယစ်ဆေးဝါး ချက်တဲ့ ဆက်စပ် ပစ္စည်းတွေအပြင် လက်နက်ငယ် ၂၂ လက်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။