စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းနဲ့ဒိုးနွယ်ရွာနားမှာ အကြမ်းဖက်စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ဇွန်လ ၃ ရက် ဒီမနက် ၉ နာရီလောက်က ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
"စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ထုလို့ လူ ၃ ယောက် ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ အရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူးနဲ့ တင်သား ရွာသူရွာသားတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရတယ်။ လက်နက်အင်အားမမျှလို့ PDF အဖွဲ့က နောက်ဆုတ်ပေးလိုက်ပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ကလေးမြို့ကနေလာတဲ့ စစ်ကောင်စီတပ်တွေဟာ အရှေ့စည်းရွာမှာ မနေ့က တပ်လာစွဲလို့ အခုလို တိုက်ပွဲဖြစ်လာလို့လည်း ပြောကြပါတယ်။
မနေ့ညကလည်း ပစ်ခတ်သံတွေကို အနီးရွာတွေကနေ ကြားနေရတယ်လို့ဆိုပါတယ်။ဒီနေ့ ပစ်ခတ်တာတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကတော့ မသိရသေးပါဘူး။