စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာနဲ့ သလောက်ရွာကြားမှာ ဇွန်လ ၃ ရက် ဒီနေ့ မနက် ၇ နာရီလောက်က အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီးသေဆုံးသွားကာ အမျိုးသားတစ်ဦး ပေါင်မှာ အပြင်းအထန်ဒဏ်ရာရှိသွားပါတယ်။
ကပိုင်ဒေသခံတစ်ဦးက " သားအမိနှစ်ယောက် မင်္ဂလာဆောင် လာရင်းဖြစ်သွားတာ။ ဘယ်သူထောင်လဲတော့ မသိဘူးဗျ။ မနေ့ကတော့ စစ်ကောင်စီတပ်တွေ အင်အား ၂၅၀ ကျော် ကျနော်တို့ရွာကို တပ်လာစွဲတယ်။ တစ်ဝက်လောက်က အလောင်းတော်ကဿပ သစ်တောအပေါ် တက်သွားတယ်။ တစ်ဝက်က ကပိုင်ကျေးရွာအနီး တောင်ကုန်းထိပ်ဘုရားပေါ်မှာ အမြောက်လက်နက်ကြီးတွေ တပ်ဆင်ထားတယ်။ အမြောက်လက်တပ်ဆင်ထားတာက ကပိုင်-သီးကုန်းကျေးရွာ လူနေအိမ်တွေ ဘက်လှည့်ထားတယ်။ အဲတာကြောင့်ရွာကလူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်"လို့ ပြောတယ်။
ယင်းမာပင်မြို့နယ် ကပိုင်၊ သီးကုန်းကျေးရွာအနီးမှာ ဧပြီ ၂၀ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၈ ယောက် ထက်မနည်းကျဆုံးသွားကာ တချို့ဖမ်းဆီးခံရပါတယ်။