ရန်ကုန်မြို့လယ်မှာ မေလ ၃ ရက် ဒီကနေ့မနက်ကပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင် သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဖြိုခွင်းပြီး ဆန္ဒပြလူငယ် ၃ ယောက် ဖမ်းခံလိုက်ရပါတယ်။
စစ်ဖြစ်ပွားနေတဲ့ တောင်တန်းဒေသက တိုင်းရင်းသား ပြည်သူတွေနဲ့အတူ ရှိနေကြောင်းပြတဲ့ အနေနဲ့ "တောင်တန်းပြည်မ ညီညွတ်ကြသည်" ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ အနော်ရထာလမ်းမကြီးပေါ်မှာ လူငယ်တွေ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
သပိတ်စတင်ပြီး မကြာခင်မှာပင်ပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး သပိတ်ကို ဖြိုခွင်းလို့ လူစုခွဲခဲ့ရတယ်လို့ ပါ၀င်သူတယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က လူငယ်တယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပြီး စုစုပေါင်း ၃ ယောက်ဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။
မန္တလေးနဲ့ မုံရွာမြို့တို့မှာလည်း ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်။
Photo_ Kaung Sat/ MPA