Home
မြန်မာသတင်း
ဖမ်းဆီးခံအမေရိကန်သတင်းထောက် ၂ ဦးကို ချက်ချင်းလွှတ်ရန် နိုင်ငံခြားရေးဒုဝန်ကြီး တောင်းဆို
DVB
·
June 3, 2021

မြန်မာစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန်ဂျာနယ်လစ် ၂ ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဝန်ဒီရှာမန်ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အတွင်း ဇွန်လ ၂ ရက်နေ့က  တောင်းဆိုလိုက်ပါတယ်။ 

အမေရိကန် နိုင်ငံသားတွေဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းရဲ့ မန်နေဂျင်းအယ်ဒီတာ ဒန်နီဖှန်စတာနဲ့ ကမာရွတ်မီဒီယာက အယ်ဒီတာချုပ် ကိုနေသန်မောင်တို့ကို ဖမ်းဆီးထားတာဟာ အလွန်ကို စိုးရိမ်ပူပန်စရာကောင်းပြီး သူတို့ကို ပြန်လွှတ်ပေးဖို့နဲ့ သူတို့ရဲ့ မိသားတွေဆီ အိမ်ပြန်ခွင့်ပေးလိုက်ဖို့ တိုက်တွန်းလိုက်တာပါ။ 

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာဟာ သာယာဝပြောပြီး လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ဆောက်ဖို့ မရှိမဖြစ် လိုအပ်ကြောင်းနဲ့ ဒန်နီယလ်နဲ့ နေသန်မောင်တို့လိုပဲ တခြားသတင်းထောက်တွေကို အကြမ်းဖက်ဖမ်းဆီး ထောင်ချထားတာတွေဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်အပေါ် လက်မခံနိုင်စရာ တိုက်ခိုက်မှုဖြစ်တယ်လို့ ဒုတိယ၀န်ကြီးက ဘန်ကောက်မြို့မှာ ခေတ္တရပ်နားစဉ်အတွင်း သတင်းထောက်တွေကို ပြောပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဝန်ဒီရှာမန်ဟာ ရာထူးလက်ခံပြီးကတည်းက သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို ဘယ်လ်ဂျီယံ၊ တူရကီ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ 

Frontier Myanmar သတင်းနှင့်စီးပွားရေးမဂ္ဂဇင်းရဲ့ မန်နေးဂျင်းအယ်ဒီတာ ဒန်နီဖှန်စတာကို ဇွန်လ ၂၄ ရက်နေ့က သူ့မိသားစုဆီပြန်ဖို့ မလေးရှား ကွာလာလမ်ပူသို့ ထွက်ခွာမယ့် လေယာဉ်စီးဖို့ပြင်ဆင်နေချိန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။ 

မြန်မာသတင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ ကမာရွတ်မီဒီယာကို ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ်  ကိုနေသန်မောင်နဲ့ မြန်မာနိုင်ငံသား ဦးဟံသာငြိမ်းတို့ဟာ မတ်လ ၉ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုနေသန်မောင်နဲ့ သတင်းထုတ်လုပ်သူ ဦးဟံသာငြိမ်းတို့ကို အင်းစိန်မြို့နယ်၊ စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ ပထမနှစ်ပတ်အတွင်းမှာ ကိုယ်ထိ လက်ရောက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်လို့ CPJ သတင်းသမားကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024