အလုပ်ယာယီရပ်ဆိုင်းခံလိုက်ရတဲ့ အခြေခံပညာကျောင်းဆရာ၊ ဆရာမတစ်သိန်းခွဲဝန်းကျင်ရှိတဲ့အထဲကထက်ဝက်လောက်ကိုတော့ အလုပ်ကနေ အပြီးထုတ်ပယ်လိုက်ပြီလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းဆရာဆရာမ စုစုပေါင်း ၄ သိန်းဝန်းကျင်ရှိတဲ့အထဲက စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM မှာပါဝင်တဲ့ ဆရာ၊ ဆရာမ တစ်သိန်းခွဲဝန်းကျင်ကို ပထမအဆင့်အနေနဲ့ အလုပ်က ယာယီရပ်ဆိုင်းခဲ့ပြီး ခုဆိုရင်တော့ အလုပ်ကနေ အပြီးထုတ်ပယ်တာတွေ ရှိနေပါတယ်။
ကျန်တဲ့ ယာယီရပ်ဆိုင်းခံထားရတဲ့ CDM ဝန်ထမ်းတွေလည်း အလုပ်ကနေ အပြီးထုတ်ပယ်ခံရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက သိန်းနဲ့ချီတဲ့ ဆရာ၊ ဆရာမတွေကို အလုပ်ကနေ ထုတ်ပြီး CDM မလုပ်တဲ့ ဝန်ထမ်းတွေနဲ့ နေ့စားလပေးဝန်ထမ်းတွေကို အသုံးပြုပြီး နိုင်ငံတဝန်းမှာ ဒီကနေ့ အခြေခံပညာကျောင်းတွေ ပြန်လည်စတင်ဖွင့်လှစ်နေပါတယ်။