ဧရာဝတီတိုင်း၊ အသုတ်မြို့မှာ ဇွန်လ ၁ ရက်နေ့က ကြံခိုင်ရေးပါတီဝင်ရဲ့ နေအိမ်အပါအဝင် နေရာ ၃ နေရာမှာ ဆက်တိုက် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီဝင် ဦးဝင်းကိုရဲ့ နေအိမ်၊ အမှတ် ၃ ရပ်ကွက် လမ်းမတော်လမ်းက သတင်းပေးဒလန်လို့ နာမည်ကြီးတဲ့ ဦးဝင်းနိုင်ဦးရဲ့နေအိမ်နဲ့ မကျည်းတန်းရပ်ကွက် မူလတန်းကျောင်းအနီးတို့မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဗုံးပေါက်တာက အသံကတော်တော်ကျယ်တယ်။ ၃ လုံး ဆက်တိုက်ပေါက်တာ။ ပေါက်တဲ့ ၂ အိမ်က ကျနော်တို့ အသုတ်မြို့မှာ ဒလန်လို့ နာမည်ကြီးတယ်။ သူတို့က စစ်ကောင်စီနဲ့ အလုပ်တွဲလုပ်နေသူတွေရဲ့ အိမ်မှာပေါက်တယ်”လို့ ပြောပါတယ်။
ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ဆေးတာတွေ ပြုလုပ်နေပြီး မြို့ထဲလုံခြုံရေးတင်းကျပ်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းကစတင်ကာ ဧရာဝတီတိုင်းကမြို့နယ်တွေမှာ ပေါက်ကွဲတာတွေဖြစ်ခဲ့ပေမယ့် အသုတ်မြို့မှာတော့ ပထမဆုံးပေါက်ကွဲတာ ဖြစ်ပါတယ်။