ပြည်တွင်းငြိမ်းချမ်းရေးမှာ လူထုပါဝင်ဖို့ ဗိုလ်ချုပ်ဂွမ်မော်တိုက်တွန်း
မျိုးဇော်လင်း
·
November 20, 2013
စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုပါဝင်မှုက အရေးကြီးတယ်လို့ ရန်ကုန်မှာ ရောက်ရှိနေတဲ့ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ဟာ ရန်ကုန်မြို့စမ်းချောင်းမြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှာ ကချင်လူထု ကိုလက်ခံတွေဆုံပြီး ကချင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းပြောဆိုရာမှာ အစိုးရနဲ့ငြိမ်းချမ်းရေးရဖို့ ပြည်သူလူထုထောက်ခံမှု အရေးပါပုံကို ခုလိုပြောကြားသွားတာပါ။
“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်သူလူထုပါဝင်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် ကေအိုင်အို အနေနဲ့က ငြိမ်းရေးဖြစ်စဉ်မှာ အဓိကထားပြီးပြောနေပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်လို့ ပြောလိုက်လို့ရှိရင် လူထုရဲ့ ပါဝင်မှု အခန်းကဏ္ဍတွေပါလာမယ်။ လူထုကနေ ထောက်ခံမှသာလျှင် အစိုးရနဲ့ အဖွဲ့အစည်းတွေ စုပေါင်းတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ဖြစ်လာမှာပါ။ ဒါကြောင့်မို့ သိပ်အရေးကြီးပါတယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ပြီးတော့ နိုင်ငံရေး ရည်မှန်းချက်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။”
အဲ့ဒီတွေ့ဆုံပွဲမှာ ရန်ကုန်ရောက် ကချင်ပြည်သူ ၅၀၀ လောက် တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ် ဂွမ်မော်က ကချင်ပြည်သူတွေမေးမြန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ပညာရေး၊ လူမှုရေးတွေအပြင် ကချင်ပြည်နယ်က မူးယစ်ဆေးဝါးပြသနာ အကြောင်းတွေပါ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ ကချင်လူငယ်တဦးဖြစ်သူ ဒွဲဆိုင်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကချင် လူငယ်တစ်ယောက်အနေနဲ့ ကူညီဆောင်ရွက်ပေးလိုတယ်လို့ ပြောပါတယ်။
“လိုင်ဇာ ညီလာခံမှာ ဘာတွေလုပ်ခဲ့တယ်။ တိုင်းရင်းသားအကုန်လုံးရဲ့ သဘောတူညီချက်က ဘယ်လို အနေအထားရှိတယ်။ အစိုးရနဲ့ ဘယ်လို ရှေ့ဆက်သွားမယ် ဆိုတဲ့အကြောင်းတွေကို ပြည်သူလူထုကို တိတိကျကျ အသေးစိတ် ရှင်းရှင်းလင်းလင်း ချပြတဲ့အတွက် ပြည်သူတယောက်အနေနဲ့ ကြားရ သိရတာ ၀မ်းသားတယ် အားတက်တယ်။ တက်နိုင်တဲ့ ဘက်ကလည်း အကူအညီပေးသွားမယ်။”
ကချင် ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာကတော့ ကေအိုင်အေ ဗိုလ်ချုပ်ပြောသွာတာတွေဟာ ကချင်ပြည်သူတွေအတွက်မျှော်လင့်ချက်တွေဖြစ်ပြီး အစိုရအနေနဲ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မှန်ကန်စွာလုပ်ဆောင်သွားဖို့လိုတယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ဟာ မကြာသေးခင်ကမှ ဖွဲ့စည်းခဲ့တဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ အနေနဲ့ ရန်ကုန်ကို လာရောက်တာလည်း ဖြစ်ပြီး မကြာမီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံပွဲကိုလည်း သွားရောက်ဖို့လည်း ရှိနေပါတယ်။