ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီလောက်ကစပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီလောက်စတင်ကာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
အလားတူ လွိုင်ကော်မြို့ အမြောက်တပ်ကလည်း နေ့လည် တစ်နာရီကျော်လောက် ကတည်းက ဒီးမော့ဆို ဘက်ကို တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လွိုင်ကော်မြို့ ကုန်းသာဘက်ကိုလည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုဘက်ကို ည ၁၀နာရီ ဝန်းကျင်အချိန်ထိ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ PDFတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လွိုင်ကော်ဘက်မှာရှိတဲ့ တပ်မ (၂၆၁)ဘက်ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိနေပြီး ည ၁၀နာရီဝန်းကျင်ထိ ပစ်ခတ်နေတုန်းပဲလို့ PDFတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အဲဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်သုံးလုံးပေါ် ကျရောက်ခဲ့ပြီး လူတွေကတော့ ရှောင်နေတာကြောင့် လူအထိအခိုက်မရှိဘူးလို့ဆိုပါတယ်။ PDFတပ်ဖွဲ့ဝင်တွေ အထိအခိုက်ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီက ခုလိုပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစားအသောက်နဲ့ဆေးဝါးတွေ အခက်အခဲရှိနေပါတယ်။