ဇွန်လ ၁ ရက်နေ့ဖွင့်မည့် အောင်ဘာလေထီ အမြင့်ဆုံးဆု ငွေကျပ်သိန်း ၅၀၀၀ သာပေးမည်

မနက်ဖန် ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၇ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ် ကျပ် ၂ ဒသမ ၆ ဘီလီယံဖိုး ပဲရောင်းထားရပြီး အမြင့်ဆုံးငွေ ကျပ်သိန်း ၅၀၀၀ ပဲ ချီးမြှင့်ဖို့ရှိနေပါတယ်။

နိုင်ငံတဝန်း ဧပြီလ မှာ ထီအုပ်ရေ နှစ်သိန်းကျော်ပဲရောင်းခဲ့ရပြီး အခုမေလမှာတော့ ထီအုပ်ရေ နှစ်သိန်းခြောက်သောင်းကျော်ရောင်းကုန်ခဲ့တယ်လို့ ထီလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ထီလက်မှတ်ရောင်းချတဲ့နှုန်းထားဟာ စစ်တပ်အာဏာမသိမ်းခင်ကနဲ့ နှိုင်းယှဉ်ရင် ရောင်းအား ၉၃ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်လို့  သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ထီလုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ သူ့ရဲ့လူမှုကွန်ရက်မှာရေး သားထားပါတယ်။

ထီကုန်သည်တစ်ဦးဖြစ်တဲ့ ဦးစန်းယုကတော့  သူ့ရဲ့လုပ်သက်အတွင်းမှာ အခုရောင်းအားဟာ အနိမ့်ဆုံးအခြေအနေဖြစ်ပြီး ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရောင်းအားရှိတော့တယ်လို့ ဆိုပါတယ်။

“သိန်းငါးထောင်ပဲ ။ အုပ်ငါးသောင်းခုနှစ်ထောင်လောက်ပိုရောင်းရတယ်။ ရောင်းတဲ့ ပမာဏအပေါ် ၆၀ ရာခိုင်နှုန်းပေးတာပဲ။ အမှန်ဆိုရင်တော့ သိန်းတစ်သောင်းအထိပေးလို့ရတယ်။ ဒါပေမဲ့ ပေါက်စဉ်လှအောင်သူက သိန်းငါးထောင်ပဲပေးလိုက်တာ။ သိန်းတစ်သောင်းခွဲဆိုတာ အုပ်ရေ ငါးသိန်းရောင်းမှ ဖွင့်လို့ရတာ။ လောလောဆယ်က သိန်းငါးထောင်ပုံမှန်ဖြစ်သွားတာပေါ့။ လက်ရှိထိရောင်းအားက အောက်ဆုံးအဆင့်ပဲ ထိုးတဲ့ရာခိုင်နှုန်းက ၁၀ရာ ခိုင်နှုန်းအောက်မှာ ပဲရှိတယ်။ ရောင်းတဲ့လူနဲ့ ထိုးတဲ့လူပုံမှန်မျှခြေပဲရှိတယ်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရောင်းကုန်တယ်ဆိုတဲ့ ထီလက်မှတ်တွေဟာလည်း စစ်အာဏာမသိမ်းခင်ကတည်းက ထီလုပ်ငန်းလုပ်ကိုင်သူတွေ ကြိုတင်မှာယူထားလို့ ရောင်းကုန်နေတာဖြစ်တယ်လို့ လေ့လာစောင့်ကြည့်ခဲ့တဲ့ သတင်းစာဆရာဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ထီအရောင်းအဝယ်လုပ်သူတစ်ဦးကတော့ ပြည်သူတွေ စစ်ကောင်စီကိုသပိတ်မှောက်ပြီး ထီမထိုးတာတွေရှိသလို ထီထိုးဖို့ ပိုက်ဆံမရှိလို့မထိုးကြတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။

ထီကုန်သည် ဦးလှအောင်က “အများကြီးတော့အပြောင်းအလဲမရှိဘူး။ ပြီခဲ့တဲ့လက အုပ်ရေ နှစ်သိန်းကျော် အခုလက နှစ်သိန်းခြောက်သောင်းကျော် နည်းနည်းလေးပိုရောင်းရတယ်။ အဓိကကတော့ ဝန်ထမ်းစရိတ် ဆိုင်စရိတ်ကာမိအောင်ရောင်းကြည့်တာပေါ့။ ဒါပေမဲ့ အဆင်မပြေပါဘူး။ မထိုးတာထက် မထိုးနိုင်တာပိုများတယ်။”လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ထီလုပ်ငန်းကနေ အစိုးရဟာ တစ်နှစ်ကို ငွေကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ဝင်ငွေ ရခဲ့ပါတယ်။ အခု ပြည်သူတွေရဲ့ထီမထိုးတဲ့သပိတ်ကြောင့် ထီမရောင်းရဘူးဆိုရင် စစ်ကောင်စီဟာ တစ်နှစ်ဝင်ငွေ အများဆုံး ၁၂ဘီလီယံလောက်ပဲရနိုင်တော့မယ်လို့ သတင်းစာဆရာဦးစည်သူအောင်မြင့်က ခန့်မှန်းပါတယ်။

တစ်နှစ်ပတ်လုံးထီမရောင်းရဘူးဆိုရင် ထီကရမယ့် အခွန်ဝင်ငွေထဲက ၁၅၁ဘီလီယံလောက် စစ်ကောင်စီက နစ်နာမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်ဟာ အောင်မြင်တယ်လို့လည်း ဆိုပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီကတော့ ပြည်သူတွေ ထီမထိုးတဲ့အတွက် နိုင်ငံတဝန်း တက္ကသိုလ်ပါ‌မောက္ခတွေ အပါအဝင် ဆရာဆရာမတွေကို အောင်ဘာလေထီလက်မှတ်တွေ ရောင်းခိုင်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up