Home
မြန်မာသတင်း
နေ့စားပညာရေးဝန်ထမ်းများဖြင့် သင်ကြားမည့် မြန်မာ့ပညာရေး အဆိုးဘက်ကိုဦးတည်နေ
DVB
·
May 31, 2021

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သိန်းနဲ့ချီတဲ့ ဆရာဆရာမတွေကို အလုပ်ကနေဖြုတ်ပစ်ပြီး  ဆယ်တန်းအောင် နေ့စားပညာရေးဝန်ထမ်းတွေကို လက်သိပ်ထိုးခေါ်ယူ သင်ကြားမယ့် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အဆိုးဘက်ကိုပဲ ရောက်ဖို့ရှိတယ်လို့ CDM ဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေက ဝေဖန်လိုက်ပါတယ်။  

စစ်အာဏာသိမ်းပြီးနောက်မှာ ပညာရေးဝန်းထမ်းအများအပြားဟာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြပြီး  ကျောင်းသားအများစုက ကျောင်းမအပ်ပဲနေနေကြလို့  စာသင် ကျောင်းတွေ ဇွန်လမှာ အမြန်ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီရဲ့ ကြိုးစားမှုဟာ အရာမထင်ဖြစ်နေတာပါ။

CDMဆရာ၊ ဆရာမတွေနေရာ အစားထိုးနိုင်ရေး စစ်ကောင်စီဟာ ဆယ်တန်းအောင်ရုံနဲ့ နေ့စားလပေးဝန်ထမ်းလျှောက်ဖို့အတွက် လက်သိပ်ထိုးနည်းနဲ့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာတော့ မြို့နယ်ပညာရေးမှူးရုံးတွေမှာ နေ့စားလပေးလာလျှောက်သူ အများအပြားရှိနေပြီး ပညာရေးဟာ အဆိုးဘက်ကိုပဲ ရောက်ဖို့ရှိတော့တယ်လို့ CDM ဝင် ဆရာတစ်ယောက်က ပြောပါတယ်။

ပညာရေးမှူးရုံးတွေက နေ့စားလပေးခေါ်ယူမှုကို တရားဝင်စာထုတ်ခေါ်ယူတာမျိုးမလုပ်ဘဲ စာရေးတွေကတစ်ဆင့် ရပ်ကွက်၊ ကျေးရွာတွေမှာရှိတဲ့ ဆယ်တန်းအောင်၊ ဘွဲ့ရတွေကို မက်လုံးပေးစည်းရုံးတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်လာတာလို့ဆိုပါတယ်။

လာလျှောက်သူတွေအနေနဲ့ သင်တန်း နှစ်ပတ်သုံးပတ် တက်ရုံနဲ့ နေ့စား ဆရာ၊ဆရာမ ဖြစ်လာမှာကြောင့် ပညာရေးဟာ ဟိုးအရင် စစ်အစိုးရအောက်က ဒါသင်ဒါကျက် ပညာရေးဆီကို ပြန်ရောက်သွားမှာဖြစ်တယ်လို့ CDMဆရာတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့ နယ်ဘက်တွေမှာ ထောက်ပံ့မှုတွေ မရှိတဲ့ကြားက အာဏာဖီဆန်နေတဲ့ ဆရာ၊ ဆရာမတွေရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အဲဒီလိုဝန်ထမ်းတွေဆီ ထောက်ပံ့မှုတွေ ရအောင် မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဆရာဆရာမတွေက တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၄ သိန်းကျော်ရှိတဲ့အထဲ CDM မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမတွေဟာ ၂ သိန်းကျော်ထိ ရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ ပျက်ကွက်စာရင်းအရတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျက်ကွက်သူ သုံးဆယ်ရာခိုင်နှုန်းကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စစ်ကောင်စီဘက်က CDMဆရာ ဆရာမတွေကို အလုပ်ထုတ်တာတွေ  ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိမှာတော့ အလုပ်ထုတ်ပယ်ခံရတဲ့  ဆရာ၊ ဆရာမ တစ်သိန်းနီးပါးအထိ ရှိလာနေသလို ထပ်တိုးလာဖို့လည်းရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါကြောင့် ကျောင်းတွေပြန်ဖွင့်ဖိုဆိုတာကတော့ မဖြစ်နိုင်တဲ့အခြေအနေလို့ CDM ဆရာတစ် ယောက်က ပြောပါတယ်။ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိတဲ့အပြင် ဘေးကင်းလုံခြုံမှုမရှိတဲ့ပတ်ဝန်းကျင်ကို ကလေးတွေကို ပို့ဖို့အတွက် ကျောင်းသားမိဘတွေကလည်း စဉ်းစားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကျောင်းဖွင့်ချိန်မှာ ကျောင်းတွင်း၊ ကျောင်းပြင်နဲ့ လမ်းခရီးမှာပါ ကျောင်းသားတွေဘေးကင်းလုံခြုံရေးအတွက် စစ်တပ်၊ ရဲ နဲ့ အရပ်ဘက် လုံခြုံရေး အဖွဲ့တွေကိုပါ အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ပြည့် အရွယ်ရောက်ပြီး အလုပ်အကိုင်မရှိတဲ့ စစ်မှုထမ်းတွေရဲ့သားသမီးတွေကို ရက်တို စစ်သင်တန်း ပေးပြီး တစ်နေ့ ကျပ် ၇၀၀၀ စားနဲ့  စာသင်ကျောင်းတွေအပါအဝင် မြို့ပေါ်မှာ လုံခြုံရေးတာဝန်ပေးဖို့ လုပ်ဆောင်နေတယ်လို့ CDM တပ်မတော်အရာရှိတစ်ဦးက ဒီဗွီဘီကို  ပြောပါတယ်။    

စစ်ကောင်စီက ဖိအားပေးအလုပ်ရပ်ဆိုင်းတာတွေရှိနေပေမယ့် တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အလုပ်ရပ်ဆိုင်းခံထားရတဲ့ အထက်တန်းပြဆရာတစ်ယောက်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ထမ်းပမာဏဟာ ပုံမှန်အနေအထားမှာတောင် လုံလောက်မှု မရှိတာကြောင့် လက်ရှိ အင်အားနဲ့ ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင်တော့ ပညာရေးဟာ အောက်ကိုထိုးဆင်းဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ လက်တလော စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို စတင် ကျောင်းအပ်လက်ခံနေပြီဖြစ်ပေမဲ့ ကျောင်းသားမိဘတွေ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ကျောင်းလာအပ်ခြင်းမရှိသေးပါဘူး။

လက်ရှိ နိုင်ငံတွင်းမှာ တကြော့ပြန်မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းအခြေအနေ၊ ကျောင်းတွေရုံးတွေအနားမှာ ဗုံးကွဲမှုတွေဆက်တိုက်ဖြစ်ပွားနေတာ၊ စစ်ကျွန်ပညာရေးဆန့်ကျင် လှုပ်ရှားမှုနဲ့ CDM လှုပ်ရှားမှုတွေကြောင့် ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ အများစုက ကျောင်းမတက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024