ABSDF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့မည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့  နိုဝင်ဘာ ၂၀ ရက် နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ absdfရဲဘော်သံခဲ ခေါင်းဆောင်တဲ့ အေဘီအက်စ်ဒီအက်ဖ်ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက  ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့  နေပြည်တော်မှာ  ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ်ရဲ့ ဗဟိုကော်မီတီဝင်တဦးဖြစ်တဲ့ ဦးကျော်ကိုကိုက အခုလို ပြောပါတယ်။ “ဆွေးနွေးညှိနှိုင်းတဲ့အထဲမှာ ဆွေးနွေးဖြစ်တာကတော့ လက်မှတ်ထိုးပြီးတဲ့ ကာလကနေ အခုအချိန်အထိ ကျနော်တို့ ကြားထဲက ရှိခဲ့တဲ့ လုပ်ငန်းစဉ်တွေရယ်။ နောက် ရှေ့ဆက်သွားရမယ့် နိုဝင်ဘာလမှာ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲလုပ်ဖို့ ဆွေးနွေးညှိနှိုင်းထားတဲ့ ကိစ္စတွေကို ဘယ်လို ဆက်လုပ်ကြမလဲဆိုတာကို ညှိနှိုးတာပါ။ ကြားကာလမှာလည်း တချို့အလုပ်ပိုင်းဆိုင်ရာတွေကို နှစ်ဖက် ညှိနှိုင်းပြီးလုပ်ရမယ့် ကိစ္စမျိုးတွေရှိတယ်။ အဲဒါတွေကို အချိန်နဲ့ အညီ ကျနော်တို့ လုပ်နိုင်အောင် ညှိနှိုင်းကြတဲ့ သဘောပါပဲ။” ဒီဆွေးနွေးပွဲဟာ လုပ်ငန်း ညိုနှိုင်းဆွေးနွေးပွဲသာ ဖြစ်ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့  ဒီဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အေဘီအက်စ်ဒီအက်ဖ်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက  ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့က ပထမအကြိမ် ပြည်ထောင်စုအဆင့်  တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးအပါအ၀င် အချက် ၄ ချက်ကို သဘောတူညီ လက်မှတ်ထိုးခဲ့ပါတယ်။ မနက်ဖြန် တွေ့ဆုံမှု မလုပ်ခင် နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း အထွေထွေအတွင်းရေးမှူး ဦးဆန်နီ ခေါင်းဆောင်တဲ့  အေဘီအက်စ်ဒီအက်ဖ် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့  ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့  မြန်မာငြိမ်းချမ်းရေးစင်တာက  နည်းပညာ အထောက်အကူပြုအဖွဲ့တို့  အကြိုညိုနှိုင်း ဆွေးနွေးမှုတွေလည်း ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ ဩဂုတ်လ ဆွေးနွေးမှုနောက်ပိုင်း ကရင်ပြည်နယ် မြ၀တီမြို့မှာ ဆက်ဆံရေးရုံးတရုံး ဖွင့်လှစ်နိုင်ခဲ့ပြီး အခု နောက်ထပ် ဆက်ဆံရေးရုံးတွေ ထပ်မံ ဖွင့်လှစ်နိုင်အောင်ဆွေးနွေး သွားမယ်လို့လည်းပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up