စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာမှာ မေ ၂၉ ရက်မနက် ၁၀ နာရီလောက်က စစ်ကောင်စီခန့်ရွာခွဲတာဝန်ခံ ဦးကျော်စိန်ဝင်းနဲ့ရွာမိရွာဖ ဦးအောင်တင့်တို့ နှစ်ဦးဟာ နှောကုန်းရွာအနီး လမ်းဘေးဘဲခြံနားမှာ ဓားခုတ်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့နှစ်ယောက် မနက်က ခင်ဦးသွားကြတယ်လို့ သိရတယ်ဗျ။ အပြန်မှာ ဓားခုတ်ခံရတာ၊ သူတို့ကလည်း စစ်ကောင်စီခန့်တွေဆိုတော့ ပညာပြကြတယ်ဗျ။ ရွာထဲက PSI စလောင်းတွေ ဖြုတ်ခိုင်းတယ်။ နောက်ပြီးရွာထဲကို စစ်တပ်ခေါ်တာလည်း သူတို့ပဲဆိုပြီး ငြိုးနေကြတာတော့ ရှိတယ်။ အဲဒါကြောင့်သတ်တာ ဖြစ်နိုင်တယ်” လို့ ရွာသားတစ်ဦးက ပြောပါတယ်။
နှောကုန်းရွာမှာ အရင်က စစ်ကောင်စီတပ်တွေ နှစ်ကြိမ်တိတိ ဝင်ထားတာရှိခဲ့ဖူးပြီး ရွာသားတွေ ထွက်ပြေးကြလို့ ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်သားနဲ့ရဲတွေ လာရောက်ပြီး ခင်ဦးဘက်ကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။
ခင်ဦးမြို့မှာ စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရွာခွဲတာဝန်ခံတွေကို သတ်ဖြတ်ခံရတာ ၄ ဦး ရှိသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။