မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ရပ်တန့်ထားတာကို အသိအမှတ်မပြုဖို့ အရှေ့ တောင်အာရှ ၉ နိုင်ငံဟာ ကုလသမဂ္ဂကို တိုက်တွန်းလိုက်ကြောင်း Benar News မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခံရပြီး စစ်တပ်ဦးဆောင်တဲ့ စစ်ကောင်စီအုပ်စုကနေ ဆန္ဒပြသူတွေအပေါ် အစုလိုက်အပြုံလိုက် အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိနေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကို အဆိုတင်သွင်းတဲ့ နိုင်ငံတွေကို အာဆီယံ ၉ နိုင်ငံက စာရေးသားပေးပို့ခဲ့တာလို့ Liechtenstein သံတမန်ရဲ့ပြောစကားကို ကိုးကားပြီး Radio Free Asia က ရေးပါတယ်။
အဲဒီပေးပို့စာထဲမှာ “မြန်မာနိုင်ငံသို့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အားလုံးကို တိုက်ရိုက်နဲ့ သွယ်ဝိုက်ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို ချက်ချင်းရပ်တန့်ရန်” ဆိုတဲ့ ဝါကျစာသားကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်ချက်မူကြမ်းကို အဆိုပြုတဲ့ နိုင်ငံတွေကို တောင်းဆိုထားတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီစာကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့အဖွဲ့ဝင် ၁၀ နိုင်ငံထဲက မြန်မာနိုင်ငံ မဟုတ်တဲ့ တခြား ၉ နိုင်ငံက ကိုယ်စားပေးပို့တာလို့ Benar News က ဆိုပါတယ်။
ကုလဆိုင်ရာ Liechtenstein ရဲ့ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Georg Sparber ကတော့ ဒီစာနဲ့ပတ်သက်ပြီး အကြောင်းပြချက် ပေးစရာမရှိဘူ◌းလို့ တုံ့ပြန်ပါတယ်။
Benar News မှာလည်း စာမိတ္တူ မရရှိထားဘူးလို့ ဆိုသလို အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီစာကို သူ သတိမထားမိကြောင်း ပြောဆိုပြီး အာဆီယံကို မေးဖို့ လမ်းကြောင်းလွှဲပါတယ်။
အာဆီယံပြောရေးဆိုခွင့်ရှိသူကလည်း ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ချက်ချင်းမတုံ့ ပြန်သေးပါဘူး။
အာဆီယံဟာ မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေကို အဆုံးသတ်ဖို့နဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်နိုင်ဖို့ ဦးဆောင်နေပါတယ်။