ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ဇွန်လ ၁၀ ရက်နေ့ အထိ ဖျက်သိမ်းထားတယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေထံက သိရပါတယ်။
ကိုဗစ်-၁၉ ပိုးကူးစက်မှုတွေ များလာတဲ့အတွက် ပြည်တွင်းလေကြောင်းခရီးစဉ်တစ်ချို့ကို ရပ်နားကြောင်း မေလ ၂၈ရက် နေ့လည်ပိုင်းက ညွှန်ကြားချက်ထွက်လာတယ်လို့ ဆိုပါတယ်။
မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ကလေး၊ ခန္တီး၊ ဟဲဟိုး၊ တာချီလိတ်တို့က လေယာဉ်ခရီးစဉ်တွေကို ရပ်နားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“Air Thanlwin နဲ့ MAI ကတော့ နေ့လည်ပိုင်းကမှ ညွှန်ကြားချက်ထွက်လာတယ်။ လေကြောင်းလိုင်းတချို့ ရပ်နားမယ်ဆိုတာ။ ဇွန် ၁၀ ရက်နေ့အထိ ယာယီပေါ့။ ဘယ်နေ့ပြန်ဖွင့်မယ်တော့ မပြောသေးဘူး” ဟု အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်လှိုင်း တစ်ကျော့ပြန်ဖြစ်နေပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့သူ အသစ် ၉၆ဦး ရှိတယ်လို့ မေလ ၂၇ရက်နေ့ ည ၈ နာရီက ထုတ်ပြန်ထားပါတယ်။