Home
မြန်မာသတင်း
ပြည်သူအကျိုးမရှိပါက တာဝန်မထမ်းဟု အန်အယ်လ်ဒီလက်ထက် ရွေးကော်တာဝန်ရှိသူများ ပြော
DVB
·
May 28, 2021

ပြည်သူအတွက်အကျိုးမရှိပါက ရွေးကောက်ပွဲကော်မရှင်တာဝန်တွေကို ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ အန်အယ်လ်ဒီ အစိုးရလက်ထက် တာဝန်ထမ်းခဲ့တဲ့ အောက်ခြေ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ 

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတော်အာဏာကိုသိမ်းယူပြီး ရက်ပိုင်းအတွင်းမှာ သူတို့သြဇာကို ခံမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကိုဖွဲ့စည်းခဲ့တာပါ။  စစ်ကောင်စီက ထိပ်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုသာ အသစ်ဖွဲ့ စည်းထားတာဖြစ်ပြီး အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေကိုတော့ ပြင်ဆင်ထားတာမရှိသေးပါဘူး။ 

အောက်ခြေ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကတော့ ပြည်သူအတွက်အကျိုးမရှိဘူးဆိုရင် တာဝန်ဆက်ပြီး ထမ်းဆောင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ရန်ကုန်၊ ကျောက်တံတားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သင်းက “ရွေးကောက်ပွဲက ပြည်သူ့အတွက် တကယ်ဖြစ်တယ်ဆိုရင်တော့ ဆက်လုပ်မှာပေါ့။ တကယ်လို့ ပြည်သူ့အတွက် အကျိုးမရှိဘူးဆိုရင်တော့ စဉ်းစားရမှာပေါ့။ ပြည်သူ့ဆန္ဒ ဥပဒေအတိုင်း လုပ်ခွင့်ရမယ်ဆိုရင်တော့ ဆရာတို့လုပ်မှာပေါ့။ လတ်တလောအတွက်မကြည့်ဘဲ ရေရှည်အတွက် ကြည့်စေချင်တာပေါ့လေ။ ဒီမိုကရေစီကို အောင်မြင်စေချင်တယ် ရွေးကောက်ပွဲအောင်မြင်စေချင်တယ်ဆိုရင် တရားမျှတဖို့တော့ လိုတာပေါ့။ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းဖို့တော့ လိုတာပေါ့။ ပြည်သူဥပဒေ အုပ်ချုပ်တဲ့သူ သဟဇာတဖြစ်ဖို့တော့ လိုမယ်လို့ အကြံပြုချင်တာပေါ့။ လေးစားတာမလေးစားတာကတော့ ကုသိုလ်ကံပေါ့။” လို့ ပြောပါတယ်။

မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကတော့ စစ်အာဏာသိမ်းပြီးကတည်းက ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ စစ်ကောင်စီက အောက်ခြေကော်မရှင်တွေကို ပြန်လည်ဖွဲ့စည်းမှာဖြစ်တဲ့အတွက် ရာထူးကနေ ကြိုတင်နုတ်ထွက်တာလို့ ပြောပါတယ်။

မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဟောင်း ဦးရှိန်ဝင်း‌က “ကျနော် ကော်မရှင်မှာမလုပ်တော့ဘူး။ ကော်မရှင်ကနုတ်ထွက်လိုက်ပြီ။ ကျနော်တို့က တာဝန်မှမရှိတော့တာ။ ကော်မရှင်အသစ်က တိုင်းခရိုင်တွေ အသစ်ခန့်တော့မှာလေ။ အဲ့ဒါကြောင့်မို့ ကျတော်က နုတ်ထွက်ခဲ့တာပါ” လို့ ပြောပါတယ်။

အချိန်တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့လည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး သုံးလကျော်အကြာ မေ ၂၁ ရက်နေ့မှာတော့ အန်အယ်လ်ဒီ ပါတီကို ဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ  အပြတ်အသတ်အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြန်ကျင်းပဖို့ စစ်ကောင်စီက စီစဉ်လာတာဖြစ်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့သူတွေကတော့ လူထုထောက်ခံမှု အများဆုံးရထားတဲ့ပါတီကို စစ်ကောင်စီက ဖျက်သိမ်းဖို့စီစဉ်တာဟာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ စစ်ကောင်စီက ကိုယ်အာဏာရဖို့အတွက်ပဲ လုပ်နေမယ်ဆိုရင် သမိုင်းကြောင်းကောင်းမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ မမြနန္ဒာသင်းက ပြောပါတယ်။

“စောင့်ကြည့်လေ့လာသူမဟုတ်ဘဲ ပြည်သူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင်တောင် ပါတီတစ်ခုကို ဖျက်သိမ်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ရွေးကောက်တင်မြောက်ခံပါတီတစ်ခုကို လက်လွတ်စပယ်ပြောတာကတော့ အဆင်မပြေဘူးထင်တယ်။ ကောင်းတာကတော့ ရွေးကောက်ပွဲကော်မရှင်အသစ်အနေနဲ့ အဓိပ္ပာယ်ရှိလား မရှိလားဆိုတာ ပြည်သူကို  ဆာဗေးကောက်လိုက်ရင်ကို သိသာပါတယ်။ လူတွေ ဘယ်လိုဖြေကြမလဲဆိုတာ ကိုလေ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ စဉ်းစားဖို့ မလိုအပ်တော့ဘူးလို့ထင်တယ်။ ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲ ပြီးတော့မှ စဉ်းစားသင့်တယ်လို့ထင်တယ်။ ကိုဗစ်ကာလမှာ မိမိအာဏာရဖို့အတွက်ပဲ လုပ်နေတယ်ဆိုရင်တော့ သမိုင်းကြောင်းက ကောင်းမှာမဟုတ်ဘူး။ လူငယ်တွေနဲ့ နောင်လာမယ့်မျိုးဆက်တွေအတွက် အားလုံးကသေချာစဉ်းစားသင့်တယ်။ ကိုယ်အာဏာရဖို့ပဲ စဉ်းစားမယ်ဆိုရင်တော့ ဒီနိုင်ငံရဲ့သမိုင်းကြောင်းဟာ သိပ်ပြီးတော့ ကောင်းလိမ့်မယ်မထင်ဘူး။”

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်းတွေကတော့ အန်အယ်လ်ဒီ ကို ဖျက်သိမ်းမှာနဲ့ပတ်သက်ပြီး စစ်ကောင်စီက သေခြာစဉ်းစားချင့်ချိန်ပြီးမှ လုပ်သင့်တယ်လို့ဆိုပါတယ်။

အန်အယ်လ်ဒီကိုဖျက်သိမ်းဖို့ စစ်ကောင်စီက ခိုင်လုံတဲ့သက်သေတွေနဲ့ စွပ်စွဲချက်တွေ ပြသနိုင်ဖို့လိုတယ်လို့လည်း ဆိုကြပါတယ်။ 

အန်အယ်လ်ဒီပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်အယ်လ်ဒီပါတီဟာ ပြည်သူအတွက်ထူထောင်ထားတာဖြစ်ပြီး  ပြည်သူတွေရှိနေသရွေ့ အန်အယ်လ်ဒီ ပါတီရှိနေမယ်လို့ ပြောကြားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024