ဆီးရီးယားအစိုးရ အဆောက်အအုံ ဗုံးကွဲ၊ ဗိုလ်ချုပ် ၄ ဦး သေဆုံး

1.3K
ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမာစကတ် (Damascus)ရဲ့ အရှေ့မြောက်ဘက် ဆင်ခြေဖုံး မြို့တမြို့ဖြစ်တဲ့ ဟာရာစတာ (Harasta) မြို့မှာ အစိုးရအဆောက်အအုံ ပစ်မှတ်ထားတဲ့ အင်အားပြင်း ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် အစိုးရတပ်ဗိုလ်ချုပ် ၄ ဦးအပါအ၀င် စုစုပေါင်း စစ်သား ၃၁ ဦး သေဆုံးခဲ့ပါတယ်။
ဗြိတိန်အခြေစိုက် ဆီးရီးယား လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အဆိုအရ အဲ့ဒီဗုံးဟာ တနင်္ဂနွေနေ့ညက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ရဲ့ ဒါရိုက်တာ ရာမီ အဘီဒယ်လ် ရာဟ်မန် (Rami Abdel Rahman) က “ဗိုလ်ချုပ်ကြီး ၃ ဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦးတို့ဟာ သေဆုံးသူ ၃၁ ဦးထဲ ပါသွားတာပါ။ ညစောင့်ဝန်ထမ်းတွေပဲ ရှိတဲ့အချိန်မှာ ပေါက်ကွဲခဲ့တာပါ။ တကယ်လို့ ဗုံးသာ ၁ နာရီလောက်စောပြီး ပေါက်ကွဲခဲ့ရင်တော့ လူ ၂၀၀ လောက် သေဆုံးသွားမှာပါ” လို့ ပြောပါတယ်။
ဗုံးဟာ အဲဒီအဆောက်အအုံရဲ့ အထဲ ဒါမှမဟုတ် မြေအောက်လိုဏ်ခေါင်းထဲမှာ ပေါက်ကွဲခဲ့တာ ဖြစ်လို့ သူပုန်တပ်တွေဟာ အစိုးရအတွင်းစည်းအထိ ပေါက်နေတယ်ဆိုတာကို ပြနေတယ်လို့ သူက ဆိုပါတယ်။
သူပုန်အဖွဲ့ဖြစ်တဲ့ ဒီရာအ် အယ်လ် အစ်စမောအ် (Direh al-Aasmeh) ကတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံပိုင်သတင်းဌာနတွေကရော၊ အစိုးရ အာဏာပိုင်တွေထံကပါ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘာမှ တုံ့ပြန်တာ မရှိသေးပါဘူး။
ဆီးရီးယား လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကတော့ သုံးသွားတဲ့ ဗုံး အမျိုးအစားကို အသေအချာ မသိရပေမယ့် ဗုံးအားက တော်တော်ပြင်းတာကြောင့် အဆောက်အအုံတခုလုံး ပြားပြားဝပ်သွားတယ်လို့ ဆိုပါတယ်။
မြို့တော် ဒမာစကတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို မြို့တော်မြောက်ဘက် လက်ဘနွန်နယ်စပ်မြို့ ကွက်ရာ (Qara) မြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒီ ၂ ရက်အတွင်းပဲ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ လက်ဘနွန်နိုင်ငံထဲကို ၀င်ရောက် ခိုလှုံနေကြတယ်လို့ ကုလသမဂ္ဂနဲ့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။
ကုလသမဂ္ဂရဲ့အဆိုအရ ၂၀၁၁ ခုနှစ် ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် (President Bashar al-Assad) စတင် ဆန္ဒပြချိန်ကစလို့ လူဦးရေ ၁ သိန်းကျော် အသတ်ခံခဲ့ရပြီး ဖြစ်ပြီး ဆီးရီးယားနိုင်ငံသား ၂ ဒဿမ ၂ သန်းကျော်ဟာလည်း အိမ်နီးချင်းနိုင်ငံတွေထဲ ဒုက္ခသည်တွေအဖြစ် ပြေးဝင် ခိုလှုံနေကြရပါတယ်။
လူဦးရေ ၄ ဒဿမ ၂၅ သန်းလောက်ဟာလည်း ဆီးရီးယားနိုင်ငံထဲမှာပဲ ရွှေ့ပြောင်းဒုက္ခသည်တွေအဖြစ် နေထိုင်နေကြရတာ ဖြစ်ပါတယ်။
