Home
မြန်မာသတင်း
၄ လနီးပါးအကြာ စစ်အုပ်စုအကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၃၀ ကျော်ရှိလာ
DVB
·
May 28, 2021

မတရားစစ်အာဏာသိမ်းကာလ ၄ လနီးပါးအကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၃၁ ယောက် ကျဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၇ ရက်အထိ အေအေပီပီက မှတ်တမ်းပြုစု ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၄၄၆ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၃၃၁ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၀၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၈၈၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မေ ၂၇ ရက် မနက်ပိုင်းမှာ ကရင်နီစစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ သယ်ယူပေးဖို့ သွားရောက်ခဲ့တဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က လူငယ် ၂ ယောက်ကို အကြမ်းဖက် စစ်အုပ်စုက ပစ်သတ်ခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာ အထူးပြု၊ ဒုတိယ နှစ်ကျောင်းသား ကိုစိုးလင်းထက်ကိုလည်း ပျော်ဘွယ်မြို့နယ် နေအိမ်မှာ မတရားအကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ သိရှိရပါတယ်။

မေလ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ယောက်ကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Ayeyarwaddy Times သတင်းဌာနက သတင်းထောက် ကိုအောင်မြသန်းကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ရိုက်နှက် စစ်ဆေးခဲ့တယ်လို့ သိရှိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024