အာဏာသိမ်းစစ်ကောင်စီရဲ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နေပြည်တော် ရေးဆင်းက CDM လုပ်ထားတဲ့ဝန်ထမ်းတွေကို ရာထူးကထုတ်ပယ်လိုက်ပြီး ကြိုတင်ချေးငွေ ၂ လစာကိုပြန်ပေးဖို့ စစ်ကောင်စီက တစ်ယောက်ချင်းဆီ စာပို့ ခြိမ်းခြောက် တောင်းခံနေပါတယ်။
မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်ရာမှာ ကတိပြုထားတဲ့စာချုပ်အတိုင်း အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်သလို အဲဒီစာချုပ်ကို မလိုက်နာရင် ငွေကျပ် သိန်း ၃၀ ပေးလျော်ရမှာဖြစ်ပြီး ငွေပေးသွင်းခြင်းမရှိရင် တရားဥပဒေအရ အရေးယူသွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းလက်မှတ်နဲ့ စာပေးပို့ခဲ့တာပါ။
အဲဒီသင်တန်းကိုတက်ရောက်ထားတဲ့ CDM ဝန်ထမ်းတစ်ယောက်ကတော့ အလုပ်ထွက်တာမဟုတ်တာကြောင့် ပေးမှာမဟုတ်ဘဲ ပြည်သူ့အစိုးရက ပေးတဲ့ အပြစ်ဒဏ်မဟုတ်တဲ့ အတွက် မခံယူဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။
CDM ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူ့အစိုးရတက်လာတဲ့အခါမှ အလုပ်ပြန်ဆင်းမယ်လို့ဆိုပါတယ်။
အာဏာသိမ်းပြီး ၂ လပိုင်းအထိ ရေဆင်းမှာ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ တိရိစ္ဆာန်မွေးမြူရေးတက္ကသိုလ်နဲ့ စိုက်ပျိုးရေးသုတေသနဦးစီဌာနတို့က ဝန်ထမ်း ၁၀၀ ကျော် CDMလုပ်ခဲ့ကြပြီး နောက်ပိုင်းမှာ ဝန်ထမ်းမိသားစုတွေကို ခြိမ်းခြောက်မှုတွေရှိလာတာကြောင့် လက်ရှိမှာ CDM ဝန်ထမ်း ၂၀ ကျော်သာ ကျန်ရှိပါတယ်။