ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီး ရထားလမ်းမှာ မေ ၂၆ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး အစုန်ရထားတစ်စီး လမ်းချော်သွားကာ လူတွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကညွတ်ကွင်းမြို့ရဲ့ မြောက်ဘက်အထွက် ညောင်ပင်သာမြို့နဲ့ ကညွတ်ကွင်းမြို့အကြားမှာ မိုင်းပေါက်တာကြောင့် အမှတ်(၂) အစုန် စာပို့ရထားလမ်းချော်သွားခဲ့တာဖြစ်ပါတယ်။
ကညွတ်ကွင်းဒေသခံတစ်ဦးက "ရထားတစ်စီး လာတော့မယ်ဆို ရင်တပ်နဲ့ရဲ အင်အားအများကြီးနဲ့ စစ်ကောင်စီဘက်က လုံခြုံရေးယူထားတာ။ လုံခြုံရေးအပြည့်ပေးထားတဲ့ရထားမှ မိုင်းထိတယ်ဆိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ သူတို့သုံးတဲ့ ရထားဆို အမြဲပြည်သူစီးတဲ့ရထားတွေ နောက်ကသိပ်မကွားတဲ့အချိန်မှာ လိုက်လာတာကိုလည်း သတိထားမိတယ်။ မိုင်းထိ ရင်ပြည်သူတွေ စီးတဲ့ရထားထိပေါ့ဗျာ။ ဒီသဘောပဲ"လို့ ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် မီးရထား အစုန်လမ်းပိတ်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးနဲ့ လမ်းပိုင်းပြင်ဆင်နေကြပါတယ်။
ဖြူးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်တွေဟာလည်း မြို့တိုင်းလိုလိုမှာ သွားလာလှုပ်ရှားနေကာ အရပ်ဝတ်တွေနဲ့ပါ လှုပ်ရှားနေကြပါတယ်။