မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးဈေးတို့မှာရှိတဲ့ ပြည်သူတွေရဲ့ ဆိုင်ခန်းတွေကို ယာယီသိမ်းတယ်ဆိုတဲ့ စာတွေ မေလ ၂၇ ရက်နေ့က အကြမ်းဖက် စစ်အုပ်စုက ကပ်ထားတာကို တွေ့ရပါတယ်။
စာကပ်ခံရတဲ့ ဆိုင်ခန်းရှင်တွေအနေနဲ့ ဈေးဌာနခွဲ ဈေးရုံးမှာ သွားရောက်ခဲ့ရဦမှာ စည်ပင်သာယာ ဈေးတာဝန်ရှိသူတစ်ဦးက မနက်ဖန် မေ ၂၈ ရက်နေ့မှာ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ဆိုင်ဖွင့်ပေးဖို့ ပြောတယ်လို့ သိရပါတယ်။
“ဈေးတာဝန်ရှိသူက မဖွင့်တာကို နားလည်ပေမယ့် မနက်ဖြန်မှာ ဆိုင်ဖွင့်ဖို့ ပြောတယ်။ ခင်းကျင်းတာတွေမလုပ်ရင်တောင် ဆိုင်ခန်း ဖွင့်ပြီး လူတစ်ယောက်ရှိပေးဖို့ကို ပြောတယ်။” လို့ ဈေးသား တစ်ဦးက ပြောပါတယ်။
အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးဈေးတို့ကို မတ်လ ၂၁ ရက်နေ့ကတည်းက ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုပေမယ့် ဆိုင်ခန်းတွေမဖွင့်တာကြောင့် မေလ ၂၄ ရက်နေ့နောက်ဆုံးထား ဆိုင်ခန်းတွေ ဖွင့်ဖို့ အသိပေးခဲ့တာပါ။
ဒီလို အသိပေးပေမယ့် ဆိုင်ခန်းတချို့သာ ဖွင့်ထားပြီး ဈေးဝယ်မယ့်သူ မရှိသလောက် နည်းပါးပါတယ်။ ဆိုင်ခန်းတွေမဖွင့်ရင် ဈေးဆိုင်ငှါးရမ်းအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အပိုဒ် (၁၄) အရ ဈေးဆိုင်ခန်းကို စည်ပင်သာယာရေးကော်မတီပိုင်အဖြစ်သိမ်းမယ်လို့ လည်း စာကပ်ထားပါတယ်။