Live
Home
မြန်မာသတင်း
စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၇၃ ဦး သေဆုံးဟု လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်
DVB
·
May 26, 2021

မတရားစစ်အာဏာသိမ်းကာလ ၃ လအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ကလေးသူငယ် ၇၃ ယောက် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။

ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကနေ မေ ၁၅ ရက်အတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက်ကလေးသူငယ်တွေ စာရင်းဖြစ်ပြီး ယောကျ်ားလေး ၆၃ ယောက်နဲ့ မိန်းကလေး ၉ ယောက် ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေထဲမှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ရင်း ပစ်သတ်ခံရတာတွေရှိသလို နေအိမ်ထဲ ဝင်ရောက်သတ်ဖြတ်ခံရတာတွေလည်း ရှိနေပြီး တချို့ကလေးတွေက အိမ်ပြင်မှာ ကစားနေရင်း သေနတ်ထိမှန် သေဆုံးခဲ့တာတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အခုစာရင်းထဲမှာ အခုနောက်ပိုင်း တမြို့လုံးကို ပစ်မှတ်ထား ချေမှုန်းတိုက်ခိုက်ခံရ တဲ့ မင်းတပ်၊ ကနီ၊ ဒီမောဆိုးစတဲ့ဒေသတွေက သေဆုံးစာရင်းတွေ မပါသေးဘဲ ဒီစာရင်းတွေကို နောက်ထပ်ထပ်တိုးစုဆောင်းတင်ပြသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မိုးမောက်‌မြို့နယ်အတွင်း အသက် ၁၂ နှစ်အရွယ် ကလေးတယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးတာမျိုးစတဲ့ သတင်းတွေလည်း ထပ်ရထားပြီး ပြည်သူတွေအနေနဲ့လည်း လူ့အခွင့်အရေးသတင်းတွေကို စုဆောင်းပေးပို့ဖို့ တိုက်တွန်းပန်ကြားထားပါတယ်။

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အာဏာသိမ်းမှု ၃လခွဲကျော် ရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ၊ အရပ်သားပြည်သူတွေ၊ ကလေးသူငယ်တွေ၊ ကျောင်းသား ကျောင်းသူတွေ ကျဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်နှိမ်နင်းမှုကြောင့် လက်ရှိအချိန်ထိ ကျဆုံးပြည်သူ ၈၂၇ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူအရေအတွက် ၅,၄၂၁ ယောက်ထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

Source - https://www.facebook.com/mohrmyanmar/

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024