ဧရာဝတီတိုင်း မအူပင်တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်း ၁၃၇ ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း မေလ ၂၀ ရက်နေ့မှာ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာနက ဝန်ထမ်းတွေဟာ အကြောင်းပြချက်မရှိခွင့်မဲ့ ပျက်ကွက်တာ၊ ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်တွေလိုက်နာဖို့ ပျက်ကွက်တာကြောင့် မေလ ၃ ရက်ကစပြီး ရာထူးမှထုတ်ပယ် Removal ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြစ်ဒဏ်ကို မကျေနပ်ပါက အမိန့်ကြေညာတဲ့နေ့ကနေ ၆ လအတွင်း အယူခံတင်နိုင်တယ်လို့လည်းဆိုပါတယ်။
မအူပင်တက္ကသိုလ်မှ ဆရာဆရာမတွေ၊ ရုံးဝန်ထမ်းတွေဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုကို ဖေဖော်ဝါရီလကတည်းက ဆောက်ရွက်ခဲ့တာဖြစ်ပါတယ်။
ရာထူးမှထုတ်ပယ်ခံရသူတွေထဲမှာ ပါမောက္ခတွေ၊ တွဲဘက်ပါမောက္ခတွေ၊ ကထိကတွေ၊ လက်ထောက်ကထိကတွေနဲ့ နည်းပြတွေအပါအဝင် စုစုပေါင်း ၁၃၇ ယောက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က နိုင်ငံတဝန်း တက္ကသိုလ် ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေကို အလုပ်မှယာယီရပ်ဆိုင်းကြောင်းထုတ်ပြန်ခဲ့ကြပြီး အခု မေလ ၂၀ ရက်နေ့မှာတော့ အလုပ်မှထုတ်ပယ်ကြောင်း ထုတ်ပြန်နေတာဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ မေလအတွင်း တက္ကသိုလ်တွေပြန်ဖွင့်လှစ်ခဲ့ပေမဲ့ ကျောင်းသားနဲ့ ဆရာအများစုက ကျောင်းမတက်ဘဲ အာဏာဖီဆန် လှုပ်ရှားမှု ဆက်လက်ပြုလုပ်နေပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြပါတယ်။