မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ မေ ၂၅ ရက် ည ၇ နာရီ ၁၀ မိနစ်လောက်က လက်ပစ်ဗုံး ၁ လုံး ပေါက်ကွဲခဲ့ တယ်လို့ မြို့ခံတဦးက ပြောပါတယ်
ဗုံးပေါက်ကွဲမှုမှာ ပျက်စီးမှုအခြေအနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိမရှိကို မသိရှိရသေးပါဘူး။ အခင်းဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက လမ်းပိတ်ဆို့ နေရာယူထားပြီးတော့ စစ်ဆေးနေပါတယ်။
အခုဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပါဆို ရေးမြို့နယ်မှာ ဧပြီ ၂၅ ရက်နေ့ကစပြီး ဗုံးပေါက်ကွဲမှု ၁၁ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ခုလိုဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်လာနေတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ရေးမြို့မှာ တရားမဝင် ကြက်ဝိုင်းကအစ ပညာရေးမှူးရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ စာသင်ကျောင်း၊ အန်အယ်လ်ဒီပါတီဝင်ရဲ့နေအိမ်၊ တပ်မတော်အငြိမ်းစားဗိုလ်မှူးနေအိမ် စတာတွေအပြင် အာယုတောင် စစ်တပ် (ခမရ ၅၈၇ )မှာပါ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။
မေလ ၁၉ ရက်က ကိုချစ်တီး (ခ) ကိုကျော်မင်းထွန်းကို ဖောက်ခွဲအကြမ်းဖက်သမားလို့ စွပ်စွဲကာ လက်လုပ်ဗုံးတွေနဲ့အတူဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီသတင်းစာမှာ ဖော်ပြခဲ့ပေမဲ့ ယနေ့တိုင် ဗုံးပေါက်ကွဲမှုတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။
ရေးမြို့နယ်အတွင်း ဗုံးပေါက်တဲ့ ဖြစ်စဉ်တွေထဲမှာ ထိခိုက်ဒဏ်ရာရသူ ၅ ဦးလောက်ရှိနေပြီး ညမထွက်ရအမိန့်ကိုလည်း ည ၈ နာရီမှ မနက်၄ နာရီအထိ ဆက်လက်သတ်မှတ်ထားပါတယ်။